ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသကာကွယ်ရေးအဖွဲ့များ စစ်ဆင်ရေး စတင်တော့မည်၊ ပြည်သူများ ဘေးကင်းရေး လိုက်နာရန်များ ကြိုတင်အသိပေး

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသကာကွယ်ရေးအဖွဲ့များ စစ်ဆင်ရေး စတင်တော့မည်၊ ပြည်သူများ ဘေးကင်းရေး လိုက်နာရန်များ ကြိုတင်အသိပေး
ဒီဇင်ဘာ 28, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးများ လုပ်ဆောင်တော့မည်ဖြစ်၍ ပြည်သူများ ဘေးကင်းရေးအတွက် သွားလာသတိထားနေထိုင်ကြရန်   ကြိုတင်အသိပေးပန်ကြားချက်ကို ဒီဇင်ဘာလ(၂၈)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် တောင်ကြီးမြို့ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(TPDF)၊ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့(YUG)၊ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SNPDF)၊ အေးသာယာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ATYPDF) နှင့် နေမင်း ပြောက်ကျားအထူးကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့များနှင့်အတူ စစ်ဆင်ရေး စတင်တော့မည်ဟု အသိပေးထားခြင်း ဖြစ်သည်။

စစ်ဆင်ရေး စတင်သည့်အခါ ပြည်သူများ ဘေးကင်းရေးအတွက် ပြည်သူများအနေဖြင့် ပျော်ပွဲရွှင်များတွင် ပါဝင်ခြင်း၊ စားသောက်ဆိုင်များတွင် အချိန်ကြာမြင့်စွာ အချိန်ဖြုန်းခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့အစည်း ရုံးများစိုက်ရာ နေရာဌာနများသို့ သွားရောက်ခြင်း နှင့် စစ်ကောင်စီ လက်အောက်ခံနှင့် သတင်းပေး ဒလန်များတို့ စုဝေးရာနေရာများနှင့် အနီးတို့တွင် နီးကပ်စွာ နေထိုင်ခြင်းများ ရှောင်ကြဉ်ကြရန် အသိပေးထားသည်။

ကား/ဆိုင်ကယ်များသူများအနေဖြင့်လည်း အာဏာသိမ်းစစ်တပ်၏ စစ်ကားများနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့၏ ကားများနှင့် အနည်းဆုံး ကိုက်(၅၀၀)အကွာအဝေးများကနေ  မောင်းနှင်ကြရန်လည်း အသိပေးထားရှိသည်။