ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ထူးဆောင်ဆု (၃၉)ဆုကို ရှမ်းပြည်နယ်နေ့ တွင် ချီးမြှင့်မည်

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ထူးဆောင်ဆု (၃၉)ဆုကို ရှမ်းပြည်နယ်နေ့ တွင် ချီးမြှင့်မည်
ဇန်နဝါရီ 20, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်နေ့အခမ်းအနားကို COVID 19 ကြောင့် တောင်ကြီးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့၌ အကျဉ်းချုံးကျင်းပမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ထုတ်ပြန်ကြေညာထားသည့် ဂုဏ်ထူးဆောင်ဆုများကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်နေ့ကတော့ နှစ်တိုင်းကတော့ ရှမ်းပြည်နယ်အတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့တဲ့အခမ်းအနားရှိတယ်။ အဲဒါ ၂၀၁၉ တုန်းက ရွေးထားခဲ့တာတွေကို ၂၀၂၀ မှာ မပေးခဲ့ရဘူး။ အဲဒီဆုတွေကို လာမယ့် ရှမ်းပြည်နယ်နေ့မှာ အကျဉ်းချုံးပြီး ပေးလိုက်မယ်ပေါ့။ ပေးလိုက်မယ်ဆိုတော့ ဆုက အားလုံးပေါင်း (၃၉)ဆုရတယ်။ ထူးခြားတာက ဒီနှစ်ပါလာတာက ပင်လုံဂုဏ်ရည်ဆုဆိုတာ ပါလာတယ်။ အဲဒါကတော့ ကမ္ဘောဇကုမ္ပဏီက ဦးအောင်ကိုဝင်းကို ချီးမြှင့်ထားတာပေါ့။ ကျန်တာကတော့ စီမံထူးချွန်၊ စိုက်ပျိုးထူးချွန်၊ မွေးမြူထူးချွန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထူးချွန်၊ လူမှုရေးထူးချွန်ဆုတွေ ပါမှာပေါ့။

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်နေ့အခမ်းအနားအား လူဦးရေ (၃၀) အောက်ဖြင့် ကျင်းပရမည်ဖြစ်၍ ဂုဏ်ထူးဆောင်ဆု (၃၉)ဆုအနက် (၉)ဆုကိုသာ အခမ်းအနားတက်၍ ရယူစေမည်ဖြစ်ပြီး ကျန်ဆုရှင်များကို အပြင်တွင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စီမံထူးချွန်ဆု၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု၊ စီးပွားထူးချွန်ဆု၊ စိုက်ပျိုးထူးချွန်ဆု၊ မွေးမြူထူးချွန်ဆု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထူးချွန်ဆု နှင့် လူမှုထူးချွန်ဆု စုစုပေါင်း(၃၈)ဦးအား ပေးအပ်ချီးမြှင့်ကြောင်း  ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြော်ငြာထားခြင်း ဖြစ်ပြီး ပင်လုံဂုဏ်ရည်ဆုအား ၂၀၂၁ခုနှစ်တွင် ထပ်တိုးကြေညာထားခြင်း ဖြစ်၍ စုစုပေါင်း ဆု (၃၉)ဆုရှိမည်ဖြစ်သည်။  

ဖေဖေါ်ဝါရီလ (၇) ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် ၁၉၄၇ ခုနှစ်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

 

၂၀၂၀ ခုနှစ်က ကြော်ငြာထားသည့် ဂုဏ်ထူးဆောင်များ

၂၀၂၀ ခုနှစ်က ကြော်ငြာထားသည့် ဂုဏ်ထူးဆောင်များ

၂၀၂၀ ခုနှစ်က ကြော်ငြာထားသည့် ဂုဏ်ထူးဆောင်များ

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။