တာလေ - ကျိုင်းလပ်သွားလမ်းပေါ်တွင် စည်ပင်နှင့်မထသ ဘီးခွန်ကောက်နေ

တာလေ - ကျိုင်းလပ်သွားလမ်းပေါ်တွင် စည်ပင်နှင့်မထသ ဘီးခွန်ကောက်နေ
ဒီဇင်ဘာ 19, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း တာလေမြို့တွင် စည်ပင် နှင့် မထသ တို့မှ တာလေ - ကျိုင်းလပ်သွားကားလမ်းပေါ်တွင် ဘီးခွန်စစ်ဆေးပြီး အခွန်များ ဆောင်ခိုင်းနေလျက်ရှိကြောင်း သိရသည်။

မနေ့ကလည်း တာလေမြို့ ရပ်ကွက်(၄) မတ်တန့်ကျေးရွာမှာ စစ်ဆေးတယ်။ တာလေဘီးခွန်အပြင် တာလေမြို့တွင်း ယာဉ်များသာမက တခြားမြို့က လာတဲ့ ယာဉ်တွေကိုလည်း ဖမ်းဆီးစစ်ဆေးပြီး ဘီးခွန်ကောက်နေပါတယ်။ ကျွန်တော့်အသိတစ်ယောက်တော့ ဆိုင်ကယ်အတွက် ဘတ်(၈၀)ပေးဆောင် ခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အာဏာရှင်လက်အောက်မှာ အခွန်မပေးဆောင်ချင်ဘူး။ အခုလိုလည်း မကောက်စေချင်ဘူး

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာလေမြို့၊ မိုင်းလင်းအနောက်ကျေးရွာအုပ်စု၊ မအန်ခန်ကျေးရွာအပိုင်း တာလေ - ကျိုင်းလပ်သွားလမ်းပေါ်တွင် တာလေမြို့စည်ပင်သာယာရေးဌာန နှင့် တာလေမြို့ မထသ တို့ ပါဝင်သည့် အဖွဲ့က ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် နံနက်(၈)နာရီမှ နေ့လည်(၁)နာရီအထိ ဘီးခွန်ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်၏ ယန္တယားလည်ပတ်မှုတွင် အထောက်အကူမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် အခွန်ဆောင်ရန်မလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်အသိပေးထားရှိသည်။