အာဏာသိမ်းစစ်တပ်က လွိုင်ကော်မြို့နယ်အတွင်း နောင်လုံနှင့် ကွန်နားရွာများတွင် နေအိမ်များကို ထပ်မံ မီးရှို့

Photo: KNDF
Photo: KNDF
အာဏာသိမ်းစစ်တပ်က လွိုင်ကော်မြို့နယ်အတွင်း နောင်လုံနှင့် ကွန်နားရွာများတွင် နေအိမ်များကို ထပ်မံ မီးရှို့
ဒီဇင်ဘာ 18, 2021 | ကယား

အာဏာသိမ်းစစ်တပ်က လွိုင်ကော်မြို့နယ်အတွင်း နောင်လုံနှင့် ကွန်နားရွာများတွင်  နေအိမ်များ ထပ်မံမီးရှို့

***

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်​ကော်မြို့နယ်၊ လွိုင်လင်​လေးအ​ရှေ့ဘက်ခြမ်း ​နောင်လုံကျေးရွာနှင့် ကွန်နားကျေးရွာတို့တွင်  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်း၌  အာဏာသိမ်းစစ်တပ်က နေအိမ်များကို ထပ်မံမီးရှို့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် နေ့လယ် (၁၂)နာရီခွဲဝန်းကျင်ကလည်း နောင်လုံကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် နေအိမ်တစ်လုံးကိုပါ မီးရှို့သွားခဲ့ပြီးနောက် ညနေပိုင်းတွင် နောင်လုံနှင့် ကွန်နားရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ နေအိမ်ထပ်မံမီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း Karenni Nationalities Defense Force-KNDF က သတင်းထုတ်ပြန်သည်။

ညနေပိုင်းတွင် မီးရှို့မှုကြောင့် ​နောင်လုံနှင့် ကွန်နားရွာတို့မှ ​နေအိမ် (၂၀) ​ကျော်မီး​လောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က အဆိုပါ ကျေးရွာများအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည့်အခြေအနေရှိနေသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ရောက်ရှိရာ နေရာတိုင်းတွင် ပြည်သူများ၏ လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများ၏ ပစ္စည်းများကို ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများကို လုပ်လေ့ရှိကြသည်ကို တွေ့နေရသည်။