ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဟိုပုံးမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယာဉ်နှင့်ခရီးသည်များအပေါ် စစ်တပ်က ငွေအတောင်း ကြမ်းနေ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဟိုပုံးမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယာဉ်နှင့်ခရီးသည်များအပေါ် စစ်တပ်က ငွေအတောင်း ကြမ်းနေ
ဒီဇင်ဘာ 14, 2021 | ရှမ်းတောင်
By Tachileik News Agency

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း တောင်ကြီး - ဟိုပုံးသွားလမ်း ဟိုပုံးအဝင် နေမင်းရောင်တိုးဂိတ်အနီးရှိ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအကြောင်းပြ စစ်ဆေးနေသည့် အာဏာသိမ်းစစ်တပ်က ခရီးသွားပြည်သူများအပေါ် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည်။

ကိုဗစ် စစ်ဆေးရေးဂိတ်နဲ့ တွဲဖွင့်ထားတဲ့ စကစ စစ်ခွေးတွေ တောင်းစားတဲ့ ဂိတ်မှာ ကားသမားတွေကို ရပ်ခိုင်းပြီး ကုန်များရင် များသလို ငွေညစ်တယ်။  ပစ္စည်းတွေ အကုန်ဆွဲချတယ်။ အခုရက်အတွင်း အခြေအနေ တအားဆိုးလာတယ်။

ဟု ဟိုပုံးဒေသခံ တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။

ကားသမားများအပြင် ခရီးသွားပြည်သူများကိုပါ ငွေကြေးတောင်းခံလာသည်မှာ ရက်အားဖြင့် (၂)ပတ်ဝန်းကျင်ရှိပြီဖြစ်ပြီး ငွေကြေးတောင်းသူများမှာ စစ်တပ်က ဖြစ်၍ ဒေသအုပ်ချုပ်ရေးပိုင်းကလည်း မပြောရဲမဆိုရဲ အခြေအနေ ဖြစ်နေသည်ဟု သိရသည်။

ခရီးသည်တင်လာရင် မှတ်ပုံတင် ပါ မပါ စစ်တယ်။ မှတ်ပုံတင် မပါတဲ့ ခရီးသည်ဆိုရင် တစ်ယောက် ကျပ်တစ်သောင်း တောင်းတယ်။ ကားသမားကိုလည်း ဆဲဆိုကြိမ်းမောင်းပြီး ကားသမားတွေဆီကလည်း တောင်းတယ်။ တစ်သောင်းတောင်းလို့ မပေးနိုင်ဘူးပြောတာကို  ပိုက်ဆံ ရှိ မရှိ အကုန်နှိုက်ရှာတယ်။ အဲ့လိုတွေကြောင့် တချို့ကားသမားတွေက ခရီးသည်မတင်ကြတော့ဘဲ ကုန်ပဲ တင်ကြတော့တယ်။ ခရီးသည်ဆိုရင် အဝေးက လူဆိုရင် မတင်ရဲတော့တာများတယ်။

ဟု ဒေသခံတစ်ဦးက ပြောသည်။

မှတ်ပုံတင်စစ်ဆေးသည့်အပြင် ဖုန်းကိုလည်း ယူစစ်သည့်အတွက် ခရီးသွားများအနေဖြင့် ခရီးသွားသည့်အခါ ဖုန်းများကို ရှင်းလင်းထားရန်လိုအပ်ကြောင်း ခရီးသည်တစ်ဦးက အကြံပြုသည်။

ရန်ကုန်ကနေ တာချီလိတ်ကို မိုးကောင်းကင်ကားနဲ့ စီးလာတာ။ တောင်ကြီးနဲ့ဟိုပုံးကြားမှာ စစ်ခွေးနှစ်ကောင်ထဲစစ်တာ မိန်းကလေးနဲ့ ယောကျ်ားလေး ခွဲရပ်ခိုင်းထားပြီး မိန်းကလေးကို မှတ်ပုံတင်နဲ့ရုပ်ပဲစစ်ပြီး ပြန်တက်ခိုင်းတယ်။ ယောကျ်ားလေးကိုတော့ ဖုန်းတွေစစ်တယ်။ ဖုန်းထဲမှာ အမေစု ပုံ (၂)ပုံ Save ထားမိလို့ အဲ့ဒါကိုတွေ့တော့ မနည်းတောင်းပန်းရတယ်။ အဲ့ဒါနဲ့ ကျပ်တစ်သောင်း ပေးခဲ့ရမယ်ဆိုလို့ ပေးခဲ့ရတယ်။ ခရီးသွားရင် ဖုန်းတွေကို ရှင်းလင်းထားဖို့ လိုတယ်

ဟု တာချီလိတ်သို့ ပြန်လာသည့် ခရီးသည်တစ်ဦးက ပြောပြသည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့အဝင်အထွက် ဂိတ်များတွင် ယခင်က စစ်သားများရှိသော်လည်း ငွေကြေးတောင်းခံခြင်းမှာ အနည်းငယ်သာရှိပြီး ပြည်သူများက သနား၍ ကိုယ်ချင်းစာစိတ်ဖြင့် ပေးသည့်အခါ ပေးမှသာ ယူသော်လည်း ယခု အာဏာသိမ်းကာလအတွင်း၌ ဂိတ်တော်တော်များများတွင် ယခင် စစ်သားမရှိသည့် နေရာများအပါအဝင် စစ်သားများကို အင်အားဖြည့်ထားပြီး ငွေကြေးတောင်းခံမှုတွင် ရဲရဲတင်းတင်း တောင်းခံလာသည်မှာ အဆိုးဆုံးက ရှမ်းတောင် နှင့် ရှမ်းရှေ့ လမ်းကြောင်းပေါ်ရှိ ဂိတ်များဖြစ်ကြောင်း ယာဉ်မောင်းများထံက သိရသည်။

 

ဆက်စပ်သတင်း

ကျိုင်းတုံခရိုင်အတွင်းရှိ ဝမ်တာပုံဂိတ် အပါအဝင် ဂိတ်များတွင် စစ်တပ်နှင့်ဌာနဆိုင်ရာများက  မကိုက်ဘူးဟုဆိုကာ ခရီးသွားပြည်သူများအပေါ် ငွေ အတောင်းကြမ်းနေ