နမ့်ခမ်းမြို့မဈေးရှိ ဆိုင်ခန်းများအပေါ် TNLA က အခွန်တိုးကောက်၍ ဟုဆိုကာ ဈေးသည်များက ဈေးပိတ်ခြင်းဖြင့် ဆန္ဒပြ 

Photo: CJ
Photo: CJ
နမ့်ခမ်းမြို့မဈေးရှိ ဆိုင်ခန်းများအပေါ် TNLA က အခွန်တိုးကောက်၍ ဟုဆိုကာ ဈေးသည်များက ဈေးပိတ်ခြင်းဖြင့် ဆန္ဒပြ 
ဒီဇင်ဘာ 13, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်း နမ့်ခမ်းမြို့ရှိ မြို့မဈေးမှ ဈေးဆိုင်ခန်းများက TNLA မှ  အခွန်တိုးကောက်၍ဟုဆိုကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဈေးပိတ်၍ ဆန္ဒပြနေကြကြောင်း သိရသည်။

ဟုတ်တယ်။ ဒီနေ့ကနေစပြီး (၅) ရက်ပိတ်ကြမယ်။ သူတို့ဈေးဆိုင်ခန်းတွေစုပြီး လုပ်ကြတာ။ စာထုတ်ပြီး ကြေညာထားတယ်။ TNLA က အခွန်ပိုကောက်လို့ဆိုလားပဲ

ဟု နမ့်ခမ်းဒေသခံတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ပြောသည်။

TNLA အနေဖြင့် အခွန်တိုးကောက်ခံသည်ဆိုသည်ကို ငြင်းဆိုထားပြီး ပြီးခဲ့သည့်နှစ်မှစ၍ COVID 19 ကပ်ရောဂါကြောင့် စီးပွားရေးမကောင်းသည့်အတွက် နှစ်စဉ်သတ်မှတ်နှုန်းထားမှ လျှော့ပေးရန်ညှိနှိုင်းလာသည့် လုပ်ငန်းရှင်များကို လျှော့ချကောက်ခံခြင်းများ လုပ်ဆောင်နေသည်ဟု ပြန်လည်ဖြေရှင်းထားသည်။

နမ့်ခမ်းမှာ ဖြစ်တာက ကျွန်တော်တို့ အခွန်ကို တိုးကောက်ထားတာ မရှိပါဘူး။ တစ်ဦးတစ်ဖွဲ့ကများ နောက်ကွယ်ကနေ နိုင်ငံရေးအမြတ်ထုတ်ဖို့ ရည်ရွက်ချက်ရှိရှိ လုပ်နေသလားလို့ပဲ ကျွန်တော်တို့ မြင်ပါတယ်။  မနှစ်ကတည်းက ကပ်ရောဂါနဲ့ဆိုတော့ လူထုလည်း စီးပွားရေးမကောင်းဘူးဆိုတော့ ညှိနှိုင်းပေးတာတွေ မနှစ်ကတည်းက လုပ်ပေးနေပါတယ်။ နောက်ပြီး အခွန်ကောက်တာက တကယ့်စီးပွားဖြစ်လုပ်ငန်းတွေပဲ ကောက်တာပါ။ တစ်ချို့ပြောနေကြသလို ကွမ်းယာဆိုင်၊ ကုန်စိမ်းသည်ကအစ ကောက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ အခွန်ကလည်း တစ်နှစ်ကို တစ်ခါကောက်တာပါ။ အခွန်ဆောင်ပြီးသားသူတွေကို ဖြတ်ပိုင်းပေးတယ်။ ဆောင်ပြီးသားက ထပ်ဆောင်စရာမလိုပါဘူး။ ကျွန်တော်တို့အဖွဲ့နာမည်တွေသုံးပြီး ပိုက်ဆံတောင်းတာတွေလည်းရှိတတ်လို့ အရေးယူရတာတွေလည်းရှိပါတယ်။ မနှစ်ကဆို အဲလိုအရေးယူရတာ (၁၀)မှုထက်မနည်းရှိတယ်။ လူထုက အခွန်ကောက်တာနဲ့ပတ်သက်လို့ အခက်အခဲရှိရင် ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်

ဟု တအာင်းတပ်မတော် (PSLF/TNLA)၏ သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က Tachileik News Agency သို့ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးရှိရာဒေသများတွင် ပြည်သူများဆီမှ အခွန်ကောက်ခံလေ့ရှိပြီး နမ့်ခမ်းမြို့မှ လုပ်ငန်းရှင်များကို TNLA၊ KIA နှင့် SSPP/SSA တို့က နှစ်စဉ်အခွန်ကောက်ခံသည်ဟု နမ့်ခမ်းဒေသခံများထံမှ သိရသည်။

 

Photo: CJ