သိန်းနီပြည်သူ့ဆေးရုံမှ လူနာတစ်ဦး COVID 19 စစ်ဆေးတွေ့ရသဖြင့် ဆေးရုံကို ဇွန် (၂၉)အထိ ပိတ်ထားမည်

သိန်းနီပြည်သူ့ဆေးရုံမှ လူနာတစ်ဦး COVID 19 စစ်ဆေးတွေ့ရသဖြင့် ဆေးရုံကို ဇွန် (၂၉)အထိ ပိတ်ထားမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ ပြည်သူ့ဆေးရုံမှ လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပေးလိုက်သည့် လူနာတစ်ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် အတည်ပြုလူနာနှင့် ထိတွေ့သူများရှိနေသည့် သိန်းနီပြည်သူ့ဆေးရုံကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့မှ (၂၉) ရက်နေ့အထိ ပိတ်ထားမည်ဟု သိရသည်။

သူကနေမကောင်းလို့ဆိုပြီး ဆေးရုံလာတက်တာ။ လေးရက်လောက်တက်ပြီးမှ လားရှိုးကို လွှဲလိုက်တာ။ လားရှိုးမှာ စစ်လိုက်တော့မှ ကိုဗစ်ပိုးတွေ့တဲ့အတွက် သိရတာ

ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည့် ဆေးရုံဝန်ထမ်းများ၊ လူနာ၏ မိသားစုဝင်များကို အသွားအလာကန့်သတ်ထားပြီး ဆေးရုံကိုလည်း ပိတ်ထားမည်ဖြစ်၍ လူနာများကို လတ်တလောတွင် လက်ခံကုသနိုင်မည်မဟုတ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ သိန်းနီ၊ လားရှိုး၊ တန့််ယန်း၊ နမ့်လန်၊ မိုင်းရယ်၊ သီပေါ၊ နမ္မတူ၊ နောင်ချိုနှင့် ကျောက်မဲမြို့တို့တွင် ဇွန်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၂၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။