MNDAA ကို လေကြောင်းမှ တိုက်ခိုက်သည့်ယနေ့တွင် နမ့်စန်လေတပ်မှ  တစ်နေကုန် စစ်လေယာဉ် ဆင်း တက်နေ

MNDAA ကို လေကြောင်းမှ တိုက်ခိုက်သည့်ယနေ့တွင် နမ့်စန်လေတပ်မှ  တစ်နေကုန် စစ်လေယာဉ် ဆင်း တက်နေ
ဒီဇင်ဘာ 13, 2021 | ရှမ်းတောင်

 ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသအတွင်းရှိ MNDAA တပ်စခန်းများကို အာဏာသိမ်းတပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ရှိ အာဏာသိမ်းတပ်၏ လေတပ်စခန်းမှ လေယာဉ်များ တစ်နေကုန် တက်ဆင်းလုပ်နေပြီး လက်ရှိ ည (၇)နာရီ မိနစ်(၄၀)အထိ ဆင်းသက်နေဆဲဖြစ်သည်။

ရဟတ်ယာဉ်တွေ ဒီနေ့တော့ ပျားပန်းခတ်ပဲ။ မုံးကိုးကို စစ်ကူတယ်ထင်တယ်။ နေ့လယ်က အများကြီး မြောက်ဘက်ကိုသွားတာ။ အခု အများကြီးပြန်လာတယ်။ (၁၃)စီးတောင်ပဲ။ ခါတိုင်းညဆို မပျံဘူး။ ဒီနေ့က အများကြီးပဲ။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

နမ့်စန်လေတပ်မှ ရဟတ်ယာဉ်များသည် နံနက် (၁၀)နာရီခွဲဝန်းကျင်က စ၍တက်သွားသည့်အသံများကြားရပြီး ညပိုင်းတွင် တစ်စီးနှင့်တစ်စီး (၅) မိနစ်ခြား ဆင်းလာကြရာ MNDAA ကို တိုက်ခိုက်သည့်ရဟတ်ယာဉ်များ ဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းထားကြသည်။

မုံးကိုးခရိုင်ရှိ MNDAA ထိန်းချုပ်နယ်မြေကို အာဏာသိမ်းတပ်က သာလွန်အင်အား၊ လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ်နီးပါး ထိုးစစ်ဆင်နေရာမှ ယနေ့တွင် လေကြောင်းမှပါ တိုက်ခိုက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။