ဆီဆိုင်မြို့ မြကန်သာရပ်ကွက်ရှိ Sweet Dream စားသောက်ဆိုင်တန်း မီးလောင်ပြီး ပတ်ဝန်းကျင်ကို မီးကူးနေ

ဆီဆိုင်မြို့ မြကန်သာရပ်ကွက်ရှိ Sweet Dream စားသောက်ဆိုင်တန်း မီးလောင်ပြီး ပတ်ဝန်းကျင်ကို မီးကူးနေ
ဇန်နဝါရီ 28, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်ရှိ Sweet Dream စားသောက်ဆိုင်တန်း ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဆီဆိုင်မြို့တွင်းသို့ စစ်ကောင်စီတပ်က ကား(၇)စီးဖြင့် ဆင်းလာပြီးနောက် မြို့တွင်းတိုက်ပွဲဖြစ်ကာ မြကန်သာရပ်ကွက်ရှိ Sweet Dream စားသောက်ဆိုင်ဈေးတန်း မီးလောင်နေခြင်းဖြစ်သည်ဟု သိရသည်။

"ဘယ်သူကြောင့် လောင်တာတော့ မသိရဘူး။ မနက်ကတည်းက တိုက်ပွဲပြင်းထန်တယ်။ အခုမီးလောင်တာက ထူးဆန်းတယ်။ အခုလည်း အဲဒီအဆောက်အဦးတွေ အကုန်မီးလောင်နေတာ။ ဘေးအိမ်တွေပါ မီးကူးနေပြီ။"ဟု ဆီဆိုင်မြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသဖြင့် ဒေသခံများလည်း ထွက်ပြေးနေကြရပြီး မီးလောင်မှုကြီးမားသည်ဟုလည်း ဒေသခံများက ဆိုသည်။

"စျေးအရှေ့ Sweet Dream လ္ဘက်ရည်ဆိုင်တန်းပါ။ ဘာကြောင့်လဲဆိုတာ အကြောင်းကစုံစမ်းဆဲပါ။ မနေ့က တပ်ကစစ်ကား(၇)စီးလောက်ဆင်းလာတယ်လေ။ အခုမြို့တို့တွင်းတိုက်ပွဲ ဖြစ်နေတယ်။ တစ်အိမ်လုံးလောင်နေတာ။ အဲဒီနားကစားသောက်ဆိုင်တန်းပါ လ္ဘက်ရည်ဆိုင်၊ အောင်သပြေနဲ့ ရွှေလည်တိုင်က စား သောက်ဆိုင်တစ်တန်းထဲပါ။ မီးကကြီးတယ်လေ တစ်မြို့လုံးပြေးနေရတော့ အခြေအနေအသေးစိတ် မသိရသေးဘူး။"ဟု ‌ဆီဆိုင်မြို့ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြော သည်။

ဆီဆိုင်မြို့တွင်း တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဒေသခံများ အိမ်ပြန်မလာကြသေးရန်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

#TachileikNewsAgency