ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာတွင် တောင်ယာလုပ်နေသည့် အရပ်သားတစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွား

ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာတွင် တောင်ယာလုပ်နေသည့် အရပ်သားတစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွား
စက်တင်ဘာ 4, 2021 | ရှမ်းတောင်

ကယား(ကရင်နီ)ပြည်နယ်အစပ် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စုရှိ ရွှေပြည်အေးရွာ(ကသဲကွင်း) တောင်ယာတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းက စပါးခင်းစောင့်နေသည့် သားအဖ (၃) ဦးအနက် ဖခင်ဖြစ်သူကို အာဏာသိမ်းစစ်တပ်က ဖမ်းခေါ်သွားကြောင်း သိရသည်။

မောင်ကီးနှင့် ဆယ်ကျော်သက်အရွယ် သား (၂) ဦးတို့သည် ရွှေပြည်အေးကျေးရွာ တောင်ဖက်ရှိတောင်ယာ ဒေသအခေါ်  ကသဲကွင်းတွင်  စပါးခင်းစောင့်ရင်း ခြံရှင်းနေကြစဉ် နံနက် (၈)နာရီဝန်းကျင်၌ အာဏာသိမ်းစစ်တပ်ရောက်လာပြီး မောင်ကီးကို ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

ဖခင်ဖြစ်သူအဖမ်းခံရပြီးနောက် သားနှစ်ယောက်မှာ ကျေးရွာသို့ပြန်လာကြကြောင်း သိရသည်။

 ကျေးရွာအနီးသို့ အာဏာသိမ်းစစ်တပ်ကရောက်လာ၍ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး တိုက်ပွဲဖြစ်ပါက တိမ်းရှောင်ရန်နေရာမရှိဖြစ်နေကြကြောင်းလည်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က ယခုရက်ပိုင်းအတွင်း လက်နက်ကြီးအကူဖြင့် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသည်ဟုလည်း သိရသည်။