ကျိုင်းတုံမြို့တွင် တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သည့် အမျိုးသမီးအိမ်အား မီးကွင်းပစ်သည်ဟု စွပ်စွဲခံရသည့် လူငယ်(၆)ဦး  အလုပ်နှင့်ထောင်ဒဏ် (၇) နှစ်မှ (၁၀)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ် ခံရ

ကျိုင်းတုံမြို့တွင် တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သည့် အမျိုးသမီးအိမ်အား မီးကွင်းပစ်သည်ဟု စွပ်စွဲခံရသည့် လူငယ်(၆)ဦး  အလုပ်နှင့်ထောင်ဒဏ် (၇) နှစ်မှ (၁၀)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ် ခံရ
ဒီဇင်ဘာ 7, 2021 | ရှမ်းရှေ့

 အာဏာသိမ်းတပ်၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦး၏ နေအိမ်ကို မီးပုလင်းဖြင့် ပစ်ပေါက်သည်ဟု စွပ်စွဲချက်ဖြင့် စွပ်စွဲခံထားရသူ (၁၂)ဦးအနက် ဖမ်းဆီးခံရသူ (၆)ဦးကို အာဏာသိမ်းအဖွဲ့က မီးကွင်းပစ်မှုနှင့် ပုဒ်မ ၅၀၅-က တို့ဖြင့် အမြင့်ဆုံးပြစ်ဒဏ် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်မှ (၁၀)နှစ်အထိ အမိန့်ချလိုက်ကြောင်း သိရသည်။

အဆိုပါ စွပ်စွဲခံရသူ (၆) ဦးအား ကျိုင်းတုံအကျဉ်းထောင်ရှိ ထောင်တွင်းတရားရုံး၌  ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးကြည်ယုက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

 

ဒီကာလမှာ ဖမ်းခံရတဲ့ လူငယ်တွေကို အမိန့်ချလိုက်ရင် ပုဒ်မတစ်ခုရဲ့ အမြင့်ဆုံး နှစ်တွေအထိ ချနေတယ်။ ဒီလိုအမိန့်ချမယ်လို့ သတ်မှတ်ထားရင် ရုံးချိန်းရုံးထုတ်တွေ ဘာလို့ အချိန်ကုန်ခံပြီး လုပ်နေလဲ၊ တရားသူကြီးဆိုတဲ့လူက မတရားခံရတဲ့ဘက်က ခုခံပြောဆိုတာကိုလည်း လက်မခံဘူး။ ရှေ့နေတွေဘက်က လျှောက်လဲတာကိုလည်း ဥပက္ခာပြုပြီး ဥပဒေအရဆိုပြီး အပြင်းဆုံး အမိန့်ချတယ်။ ဖမ်းဆီးခံရတုန်းက လူငယ်တွေကို စရဖက ဘယ်လောက်ထိ နှိပ်စက်ပြီး ဝန်ခံခိုင်းသလဲဆိုတာ လေ့လာသင့်တယ်။ ကျိုင်းတုံမှာ ရဲတွေထက် စရဖက ပိုပြီး နှိပ်စက်တယ်ဆိုတာကိုလည်း တော်တော်များများ အသိပဲဗျာ။ ကြားရတာတွေက တကယ် စိတ်မကောင်းဘူး။ တရားသူကြီးဆိုတဲ့လူလည်း  မူးယစ်ဆေးမှုတွေကိုတော့ ငွေယူပြီး သက်သာအောင် လုပ်ပေးနေတာတွေ တခြားအမှု လာဘ်ယူတာတွေ တော်တော်များများရှိနေတာ အသိသာပဲဗျာ။ အခု ဒီဖြစ်စဉ်တွေကျမှ အမြင့်ဆုံးပြစ်ဒဏ်ဆိုတော့   မတရားသူကြီးဖြစ်နေပါပြီ။ သူ့အတွက် သိက္ခာဆိုတာ မရှိတော့ပါဘူး

ဟု ကျိုင်းတုံမြို့ခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တပ်အသိုင်းအဝိုင်း၊ ဌာနဆိုင်ရာနှင့် မိုင်းပျဉ်း USDP လွှတ်တော်ကိုယ်စားလှယ်တို့နှင့် နီးစပ်ပြီး သတင်းပေးဒလန်ဟု လူသိများသည့် ကျိုင်းတုံမြို့၊ နောင်ကုန်အုပ်စု၊ နောင်ကုန်ရွာမှ (၃၅)နှစ်ဝန်းကျင် မစန်းစန်းကျော် (ခ) သီရိတုံ၏ နေအိမ်ကို ၂၀၂၁ ခုနှစ် ဧပြီလ(၄)ရက်နေ့ ည(၇)နာရီ (၁၂)မိနစ်အချိန်က  ဓါတ်ဆီပုလင်းဖြင့် ပစ်ပေါက်ခံရမှုကြောင့်  နေအိမ်ရှေ့ ကားပေါ်အုပ်ထားသည့်  မိုးကာစ အနည်းငယ် မီးလောင်ပျက်စီးသွားမှုဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် တရားလိုပြုလုပ် အမှုဖွင့်လိုက်ပြီးနောက်  အာဏာသိမ်းစစ်တပ်၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်(တြိဂံဒေသတိုင်းစစ်ဌာန)က ၎င်းတို့ သံသယရှိသည့် လူငယ်များကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

သူက တပ်ထောက်ခံသူ၊ တပ်အသိုင်းအဝိုင်းလို့ ပြောရင် မှန်တယ်။ သူလုပ်နေတဲ့ မြေကိစ္စအလုပ်တွေနဲ့ တခြားဟာတွေအတွက် အထောက်အပံ့ဖြစ်တာပေါ့၊ အဲဒါစဉ်းစားကြည့်ပေတော့။ မိုင်းပျဉ်းမှာလည်း သူ့ကိစ္စတွေရှိတယ်။ အများကြီးတော့ မပြောချင်ပါဘူး။ သူ့အိမ်ကို မီးပစ်ခံရတယ်ဆိုတာ သူ့ကို လူတွေက မကြိုက်လို့ပေါ့ အသိသာကြီး။ အခုလည်း သူ့အိမ်မှာ ကောင်းကောင်းမနေရဲဘူးကြားတယ်။ ဘယ်နေရဲမလဲ မဟုတ်တာ လုပ်ထားတော့ လိပ်ပြာမလုံ ဖြစ်နေတာပေါ့။ ခုက ဖမ်းခံရသူ တော်တော်များများက တကယ်လုပ်တဲ့ လူတွေမဟုတ်ဘဲ နှိပ်စက်ဒဏ်ကြောင့် မလုပ်ဘဲနဲ့ လုပ်တယ်ဆိုပြီး ဝန်ခံလိုက်ကြရတယ်လေ

ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

မစန်းစန်းကျော် (ခ) သီရိတုံ၏ နေအိမ်ကို ဓါတ်ဆီပုလင်းဖြင့် ပစ်ပေါက်မီးရှို့ရာတွင် ပါဝင်သူနှင့် အားပေးစေခိုင်းသူများဟု စွပ်စွဲဖမ်းဆီးခံရသူများအား စစ်ဆေးရာတွင် ဖုန်းများအတွင်း အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် အကြောင်းအရာများတွေ့ရှိ၍ဟုဆိုကာ ဖမ်းထားသည့် (၆)ဦးထဲက (၅)ဦးကို ရာဇသတ်ကြီးဥပဒေ ၅၀၅ - က ဖြင့် စွဲဆိုပြီး အဆိုပါပုဒ်မများ၏ အမြင့်ဆုံးပြစ်ဒဏ်များကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

 



မီးရှို့တဲ့အထဲ ကိုယ်တိုင်လည်း မပါသလို ဆက်စပ်မှုလည်းမရှိဘဲနဲ့ ထောင်(၁၀)နှစ်အထိ ချလိုက်ကြတယ်။ ကိုစိုင်းငယ်ကလွဲရင် ကျန်လူငယ်တွေက အသက် (၁၈)ကနေ အသက်(၂၈)နှစ်ကြားအရွယ်တွေပဲ ရှိသေးတယ်။ ငါတို့မှာ အာဏာရှိတယ် ငါတို့လုပ်တာမှ အမှန်ဆိုပြီး လူငယ်တွေအပေါ် စွပ်စွဲချင်သလို စွပ်စွဲပြီးလုပ်လိုက်ကြတာ ရင်နာလို့မဆုံးဘူး

ဟု ဒေသခံတစ်ဦးက ပြောသည်။

ရာဇသတ်ကြီးပုဒ်မ - ၄၃၅ ဖြင့် စွဲဆိုခံရသည့် ကိုဖြိုးဝေစိုးနှင့် ကိုစောကျော်သူရ၊ ရာဇသတ်ကြီးပုဒ်မ - ၄၃၅/၁၀၉ ဖြင့် စွဲဆိုခံရသည့် ကိုအောင်နိုင်မင်း၊ ကိုစိုင်းငယ်(ခ)စိုင်းလုံ၊ ကိုချမ်းမြေ့ထွန်း(ခ)ချမ်းမြေ့ နှင့် ကိုအာကာဟိန်းတို့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်စီကိုလည်းကောင်း၊ ရာဇသတ်ကြီးဥပဒေ ၅၀၅ - ကဖြင့်ပါ ထပ်မံစွဲဆိုခံရသည့် ကိုဖြိုးဝေစိုး၊ ကိုစောကျော်သူရ၊ ကိုအောင်နိုင်မင်း၊ ကိုစိုင်းငယ်(ခ)စိုင်းလုံနှင့် ကိုချမ်းမြေ့ထွန်း(ခ)ချမ်းမြေ့တို့ (၅)ဦးကို  အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် (၃) နှစ်စီ ထပ်ပေါင်းအမိန့်ချလိုက်ခြင်းဖြစ်သည်။

စွပ်စွဲဖမ်းဆီးခံရသည့် လူငယ် (၆) ဦးအနက် ကိုဖြိုးဝေစိုး၊ ကိုစောကျော်သူရ၊ ကိုအောင်နိုင်မင်း၊  ကိုစိုင်းငယ်(ခ)စိုင်းလုံနှင့် ကိုချမ်းမြေ့ထွန်း(ခ) ချမ်းမြေ့တို့ (၅) ဦးတို့မှာ ထောင်ဒဏ် (၁၀) နှစ်စီချမှတ်ခံရပြီး  ကိုအာကာဟိန်းမှာ ထောင်ဒဏ်(၇)နှစ် ချမှတ်ခံရခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်းမှ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထားသူများကို ၎င်းတို့စွဲဆိုထားသည့် ပုဒ်မများ၏ အမြင့်ဆုံးပြစ်ဒဏ်များကို ချမှတ်နေသည်ကို တွေ့ရပြီး နိုဝင်ဘာလ (၂၂) ရက်နေ့ကလည်း တာချီလိတ်မြို့မှ ဖမ်းဆီးခံထားရသည့်  အသက် (၁၈)နှစ်မှ (၂၄)နှစ်အရွယ် လူငယ် (၅)ဦးကို ထောင်ဒဏ် (၁၀)နှစ်မှ (၁၃)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ထားခဲ့ခြင်းဖြစ်သည်။