တာချီလိတ်မြို့တွင် လက်လုပ်မိုင်းနှင့် ဂျင်ကလိများလုပ်နေသူကို သတင်းပေးကြောင့် အာဏာသိမ်းအဖွဲ့က ဖမ်းဆီး

တာချီလိတ်မြို့တွင် လက်လုပ်မိုင်းနှင့် ဂျင်ကလိများလုပ်နေသူကို သတင်းပေးကြောင့် အာဏာသိမ်းအဖွဲ့က ဖမ်းဆီး
ဒီဇင်ဘာ 6, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လက်လုပ်မိုင်းနှင့် ဂျင်ကလိများလုပ်နေသည်ဟု သတင်းပေးချက်အရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က သွားဖမ်းရာ အမျိုးသားတစ်ဦးကို လက်လုပ်မိုင်း (၄)လုံး နှင့် ဂျင်ကလိ (၁၀၀)ကျော်ဖြင့် ဖမ်းမိသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသည့် အသက်(၄၀)ဝန်းကျင် ကိုညီညီအောင်ကို  စရတ(တသခ) စု(၁)တွင် ခေါ်ထားကာ စရဖက စစ်ကြောရေးလုပ်နေပြီး ကိုညီညီအောင်က အဆိုပါပစ္စည်းများကို ၎င်းနှင့်ပုဂ္ဂိုလ်ရေးပြဿနာရှိသူအား တိုက်ခိုက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ခိုင်မာသည့်သတင်းရင်းမြစ်များက Tachileik News Agency သို့ပြောသည်။

တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် လက်လုပ်ဗုံးများ ပြုလုပ်နေကြောင်း သတင်းပေးချက်အရ  နံနက်(၉)နာရီကျော်အချိန်တွင် အာဏာသိမ်းစစ်တပ်၏ အမှတ်(၃၃၁)ခြေမြန်တပ်ရင်းမှ ဒုဗိုလ်မှူးကြီး မင်းသီဟကျော်နှင့်အဖွဲ့၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ ဗိုလ်မှူး ဇော်မိုးထက်နှင့်အဖွဲ့၊ စအရ၊ စရဖ( စရတ )မှ တပ်ကြပ် ရဲဝင်းနိုင်နှင့်အဖွဲ့၊ ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်သန်းဝင်းနိုင်နှင့်အဖွဲ့တို့က သွားဖမ်းကြခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ရှာဖွေသည့်နေအိမ်မှ လက်လုပ်ဗုံး (၄)လုံး၊ ဂျင်ကလိ (၁၃၃) ချောင်း၊ ဓါးရှည်(၄)ချောင်း၊ ရိုက်တုတ်(၅)ချောင်း၊ လေးဂွ(၃)လက်နှင့် ဓါတ်ဆီပုလင်း(၂)လုံး တွေ့သည်ဟုဆိုကာ ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်သန်းဝင်းနိုင်က တရားလိုပြုလုပ်ကာ ဟောင်လိတ်နယ်မြေရဲကင်းစခန်းတွင် (ပ)၁၇၀/၂၀၂၁၊ ရှမ်းလက်နက် ဥပဒေ ပုဒ်မ - ၁၂(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တရားမဝင်လုပ်ငန်းများစွာရှိနေသည့် နယ်စပ်မြို့ တာချီလိတ်တွင် အာဏာသိမ်းမှုကိုဆန့်ကျင်မှုမှာ ရှမ်းပြည်နယ်တွင်း အခြားဒေသများနည်းတူ မရှိသလောက်ဖြစ်ပြီး တရားမဝင်လုပ်ငန်းများ ပိုများလာသည်နှင့်အမျှ ပုဂ္ဂိုလ်ရေးပြဿနာများအား တရားဥပဒေအရ ဖြေရှင်းမှုလည်း မရှိသလောက်နည်းပါးသည့်ဒေသလည်းဖြစ်သည်။

သို့သော် လူငယ်များကို အာဏာသိမ်းအဖွဲ့က နိုင်ငံရေးပုဒ်မများဖြင့် စွပ်စွဲကာဖမ်းဆီးငွေညှစ်ခံရမှုများ၊ တရားစွဲခံရမှုများမှာ အခြားဒေသများနည်းတူ ရှိနေသည်။