တာချီလိတ်နာရေးကူညီမှုအသင်းကို  "ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း"အဖြစ် အမည်ပြောင်းလဲ

တာချီလိတ်နာရေးကူညီမှုအသင်းကို  "ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း"အဖြစ် အမည်ပြောင်းလဲ
နိုဝင်ဘာ 30, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် သာရေး နာရေးကိစ္စရပ်များကို (၂၄)နာရီ အချိန်ပြည့် ကူညီဆောင်ရွက်ပေးနေသည့် တာချီလိတ်နာရေးကူညီမှုက လူမှုကူညီရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်နေသည့်အတွက် "ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း"အမည်အဖြစ် ပြည်နယ်အဆင့်ထိ တင်ပြကာ အမည်ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း နိုဝင်ဘာလ(၃၀)ရက်နေ့တွင် အသိပေးထားရှိသည်။

အသင်းမှ နာရေးများတင် မကဘဲ ကယ်ဆယ်ရေး လူမှုရေးလုပ်ငန်းများ ကို ပါ ကူညီဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက်ကြောင့် ပြောင်းလဲ သတ်မှတ်ခြင်း ဖြစ်ပါတယ်

ဟု အသိပေးထားခြင်း ဖြစ်သည်။

 "ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း"က တာချီလိတ်မြို့တွင်း အဆင်မပြေသူများ သက်သာချောင်ချိစေရန်အတွက် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က စပြီး တန်ဖိုးနည်း ထမင်းဟင်းအဝစား (၁၅)ဘတ်တန် ထမင်းဆိုင်ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေ့စဉ် နံနက်(၁၀)နာရီမှ နေ့လည်(၁)နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။ 

 တန်ဖိုးနည်း ထမင်းဟင်းအဝစား (၁၅)ဘတ်တန် ထမင်းဆိုင်ကို  "ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း"၏ ရုံးတည်ရှိရာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မီးသတ်ရုံးလမ်းကြားတွင် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

  "ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း"သို့ ဆက်သွယ်လိုသူများအနေဖြင့် မြန်မာဖုန်း 09442747077၊ 09690876226 ၊ 09447222363 နှင့် ထိုင်းဖုန်း 0808989535 သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

တာချီလိတ်နာရေးကူညီမှုအသင်းအဖြစ် ၂၀၁၃ခုနှစ်က စတင်တည်ကာ ကွယ်လွန်သွားသူ ဦးလှမိုးက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နာရေးအပြင်၊ သာရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေးစောင့်ရှောက်ရေးများအထိပါ တိုးချဲ့လာပြီးနောက်   ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် "ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း"အဖြစ်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။