နိုင်ငံအတွင်းမှ ဝမ်းနည်းဖွယ်ဖြစ်ရပ်များကြောင့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုံ့ကျင်းပရန် ရှမ်းနီအမျိုးသားညီညွတ်ရေးအစည်းအရုံးက ပန်ကြား

နိုင်ငံအတွင်းမှ ဝမ်းနည်းဖွယ်ဖြစ်ရပ်များကြောင့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုံ့ကျင်းပရန် ရှမ်းနီအမျိုးသားညီညွတ်ရေးအစည်းအရုံးက ပန်ကြား
နိုဝင်ဘာ 29, 2021 | ရှမ်းတောင်

နိုင်ငံတွင်း အာဏာသိမ်းခံထားရပြီး ကြုံတွေ့နေရသည့်အခြေအနေများနှင့် COVID 19 အခြေအနေများကြောင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၄)​ရက်နေ့တွင် ကျရောက်မယ့် ရှမ်းနှစ်သစ် ၂၁၁၆ ခုနှစ် နှစ်သစ်ကူးပွဲတော်ကို ရိုးရာဓလေ့ထိန်းသိမ်းမှုအနေဖြင့် အကျဉ်းချုံ့ကျင်းပကြရန်  ရှမ်းနီအမျိုးသားညီညွတ်ရေးအစည်းအရုံးက ပန်ကြားထားသည်။

ရှမ်းနီတိုင်းရင်းသားတို့၏ နှစ်သစ်ကူးဓလေ့ထုံးစံအတိုင်း နှစ်သစ်ကူးဓလေ့ထုံးစံ (၅) မျိုးဖြင့် ပြုလုပ်ကျင်းပနေကျဖြစ်သော်လည်း ယခုနှစ်တွင် ပိုင့်စိန်ကိုသာ မိသားစုဖြင့် အကျဉ်းချုံးပြုလုပ်ကြရန် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံးက နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ပန်ကြားလွှာထုတ်ပြန်ထားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှုလက်အောက် ရောက်နေသည့်အပြင် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ၊ ဖမ်းဆီးမှုများ၊ အသက်ဆုံးရှုံးရမှုများစသည့် ဝမ်းနည်းဖွယ်ရာအခြေအနေများ ကြုံတွေ့နေရသည့်အပြင် COVID 19 ကူးစက်ပျံ့ပွားနေဆဲကာလဖြစ်၍ ယင်းကဲ့သို့ ပန်ကြားရခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။