မုံးကိုးခရိုင်အတွင်း ကိုးကန့် MNDAA ၏တပ်စခန်းကို အာဏာသိမ်းတပ်က တစ်ရက်အတွင်း သုံးကြိမ်ထိုးစစ်ဆင်ပြီး ပြန်ဆုတ်သွားရ

မုံးကိုးခရိုင်အတွင်း ကိုးကန့် MNDAA ၏တပ်စခန်းကို အာဏာသိမ်းတပ်က တစ်ရက်အတွင်း သုံးကြိမ်ထိုးစစ်ဆင်ပြီး ပြန်ဆုတ်သွားရ
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးခရိုင်အတွင်းရှိ ကိုးကန့် MNDAA တပ်စခန်းရှိသည့် ချင်ချိုင့်ထန်ဒေသကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တစ်နေ့တာအတွင်း (၃) ကြိမ်ထိုးစစ်ဆင်ပြီးနောက် တပ်ပြန်ဆုတ်သွားရကြောင်း သိရသည်။

ချင်ချိုင့်ထန်တပ်စခန်းကို နိုဝင်ဘာလ (၂၆) ရက်နေ့ သန်းခေါင်ယံ (၁၂) နာရီခန့် နိုဝင်ဘာလ (၂၇) ရက်နေ့အကူးတွင် အာဏာသိမ်းစစ်တပ်က အင်အားတိုးချဲ့ပြီး နံနက် (၉)နာရီခွဲအချိန်တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲ (၁) နာရီကျော်ဖြစ်ပွားပြီးနောက် ကိုးကန့် MNDAA က ခုခံနိုင်ခဲ့ပြီး နေ့လယ် (၁၂)နာရီခွဲဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်ရာတွင် ပန်းလုံတောင်ကုန်းရှိ အာဏာသိမ်းတပ်က လက်နက်ကြီးပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ထိုးစစ်မှာ နာရီဝက်ခန့်အကြာတွင် နှစ်ဖက် ခေတ္တရပ်ဆိုင်းသွားပြီး ညနေ (၃)နာရီကျော်ဝန်းကျင်တွင် တတိယအကြိမ် ထိုးစစ်ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့တစ်နေ့တာ တိုက်ပွဲများအတွင်း ကိုးကန့် MNDAA ဘက်မှ တပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် နိုဝင်ဘာလ (၂၇) ရက်နေ့က ချင်ချိုင့်ထန်တပ်စခန်းကို ထိုးစစ်ဆင်နေချိန်မှာပင် နံနက် (၁)နာရီကျော်နှင့် နေ့လယ် (၁)နာရီနီးပါးအချိန်များတွင် အထူး‌‌ဒေသ(၁)မူပန်ခရိုင် ၊ ပန်ဖာနှင့် မော်လီလမ်းကြား ၊ ကုန်ညိုအနောက်ဘက် တောင်ကုန်း စသောနေရာများတွင်လည်း ကိုးကန့် MNDAA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းနေ့တစ်နေ့တာအတွင်း အာဏာသိမ်းစစ်တပ်က ကိုးကန့် MNDAA တပ်ရှိရာ ဖောင်းဆိုင်ကျေးရွာ မန်ရန်တပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း(၂၀) ကျော်ပစ်ခတ်မှုအပါအဝင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သည့်အပြင် ရှိကျိကျတောင်ကုန်းရှိ ကိုးကန့် MNDAA ၏တပ်စခန်းကိုလည်း လက်နက်ကြီး ၊ RPG ၊  သေနတ်ပစ်ဗုံးများဖြင့် ကျည်စုစုပေါင်း (၇၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတဝန်းမှ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ရရာလက်နက်ကိုင်စွဲထားသော ဒေသကာကွယ်ရေးအဖွဲ့များအား လက်နက်ကြီး၊ လေကြောင်းပစ်ကူဖြင့်ပါ တိုက်ခိုက်နေသည့် အာဏာသိမ်းတပ်က ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA ကို အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို လုပ်နေခြင်းဖြစ်သည်။