တာချီလိတ်မြို့တွင် လူငယ် (၅)ဦး အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်မှုဖြင့် ထောင်ဒဏ် (၁၀)နှစ်မှ (၁၃)နှစ်အထိ အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခံရ

တာချီလိတ်မြို့တွင် လူငယ် (၅)ဦး အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်မှုဖြင့် ထောင်ဒဏ် (၁၀)နှစ်မှ (၁၃)နှစ်အထိ အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခံရ
နိုဝင်ဘာ 22, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်အားဆန့်ကျင်မှုဖြင့် လွန်ခဲ့သည့် (၆)လကျော်က ဖမ်းဆီးခံထားရသည့် အသက် (၁၈)နှစ်မှ (၂၄)နှစ်အရွယ် လူငယ် (၅)ဦးကို အာဏာသိမ်းအဖွဲ့၏ တရားရုံးက ယနေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ထောင်ဒဏ် (၁၀)နှစ်မှ (၁၃)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်လိုက်သည်ကို တွေ့ရသည်။

အခုက အမြင့်ဆုံးတွေပဲ ချလိုက်တာ။ ၅၀၅-က ကိုလည်း (၃)နှစ်အထိ အမြင့်ဆုံး ချလိုက်တာ။ ရှမ်းလက်နက်ဆိုလည်း (၇)နှစ်ထိ ချလိုက်တာ။ အောင်နိုင်ဦးကတော့ နောက်ထပ် ၅၀၅-က သီးခြား တစ်မှုနဲ့မို့ (၁၃)နှစ်ချလိုက်တာလို့ သိရတယ်။ ပုံမှန်အားဖြင့်ဆိုရင် ခုလောက်ထိ အမြင့်ဆုံး မချဘူး။ အခုက ကလေးတွေကို အမြင့်ဆုံးချမှတ်လိုက်ကြတယ်။ ရှမ်းလက်နက်ဆိုရင် ပုံမှန်ဆို အများဆုံး (၁)နှစ်လောက်ပဲ ချတာ

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ (၂၂) ရက်နေ့က ပြောသည်။

လူငယ် (၅)ဦး၏ အမှုအား တာချီလိတ်မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဆန်းက ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့တွင် အမိန့်ချမှတ်ရာ ၅၀၅-က အတွက် ပြစ်ဒဏ်(၃)နှစ်၊  ရှမ်းလက်နက်ဥပဒေဖြင့် အမြင့်ဆုံးပြစ်ဒဏ်(၇)နှစ် စုစုပေါင်း ထောင်ဒဏ် (၁၀) နှစ်စီအပြင် အောင်နိုင်ဦး(ခ)အောင်နိုင်အား သီးခြား ၅၀၅-က ဖြင့် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် (၃)နှစ်ကိုပါ ထပ်ပေါင်းချမှတ်ခဲ့သဖြင့် အောင်နိုင်ဦး(ခ)အောင်နိုင်မှာ ထောင်ဒဏ် စုစုပေါင်း (၁၃)နှစ်နှင့် ကျန်(၄)ဦးမှာ ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခံရခြင်းဖြစ်သည်။

အာဏာသိမ်းမှုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြခဲ့ကြသည့်အချိန် ၂၀၂၁ ခုနှစ် မတ်လအတွင်းက တာချီလိတ်မြို့မှ ဆန္ဒပြသည့်လူငယ် (၅)ဦးဖြစ်သည့် အောင်နိုင်ဦး(ခ) အောင်နိုင်၊ စိုင်းမဟာကျော်စွာ၊ ဇာနည်ကိုကို၊ ငြိမ်းချမ်းနှင့် သီဟဖြိုးတို့အား အာဏာသိမ်းအဖွဲ့က ဖမ်းဆီးလိုက်ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တရားလိုပြုလုပ်ကာ  တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၆၁/ ၂၀၂၁၊ ပုဒ်မ ၅၀၅(က) အပြင် (ပ) ၆၂/ ၂၀၂၁၊ ရှမ်းလက်နက်အမိန့်အပိုဒ် ၁၂ (က) ၁၂(ဂ) တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ်များသည် ဆန္ဒပြပွဲအတွက် ပြင်ဆင်ထားသည့် ဒိုင်းကာအပါအဝင် အကာအကွယ်ပစ္စည်းများ၊ ဆန္ဒပြရာတွင် အကြမ်းဖက်နှိမ်နှင်းခံရပါက ခုခံကာကွယ်ရန် ပြင်ဆင်ထားသည့် လက်လုပ်ဗုံးအချို့နှင့်အတူ ဖမ်းဆီးခံရပြီးနောက် အာဏာသိမ်းအဖွဲ့က စွဲဆိုထားသည့်ပုဒ်မများ၏ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခံလိုက်ကြရခြင်းဖြစ်သည်။

ရွှေတြိဂံဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖေါက်ကားခြင်းအပါအဝင်  လက်နက်မှုများ မကြာခဏဖြစ်ပွားပြီး အဆိုပါအမှုများအား ရှမ်းလက်နက်ဥပဒေဖြင့် အမြင့်ဆုံးပြစ်ဒဏ်  တစ်နှစ် သို့မဟုတ် ယင်းထက် သက်သာသည့် ပြစ်ဒဏ်များသာချလေ့ရှိခဲ့ခြင်းဖြစ်သော်လည်း ယခုအခါမှာ လူငယ်များကို လက်နက်မှုဖြင့် (၇)နှစ် ချမှတ်လိုက်ကြခြင်း ဖြစ်သည်။