တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသမီးတစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသမီးတစ်ဦး သေဆုံး
နိုဝင်ဘာ 6, 2022 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ဆေးဝါးကုသမှု ခံယူနေသည့် အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်ရပ်ကွက်အတွင်း ပါလျှံ(၁)တွင် နေထိုင်သည့် အသက်(၄၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့က ခေါင်းကိုက်ဖျားနာမှုကို ခံစားနေရပြီးနောက်  နိုဝင်ဘာလ(၂)ရက်နေ့တွင် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေရင်း နိုဝင်ဘာလ(၅)ရက်နေ့ နံနက်(၃)နာရီ (၁၀)မိနစ်အချိန်က ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ဆေးရုံက လူနာများကို Covid-19 စစ်ဆေးပြီး လက်ခံကုသနေရာမှ အဆိုပါ အမျိုးသမီးကိုလည်း စစ်ဆေးကြည့်ရာ Covid-19 တွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာရှင်လူမှုကူညီရေးအသင်းက မြို့မသုဿန်သို့ ပို့ဆောင်ပြီး ချက်ခြင်း သင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍  ယခင်လို မဖြစ်မနေ စစ်ဆေးမှုများ မရှိတော့ဘဲ ဆေးရုံသို့ လာရောက်ကုသမှုခံယူသူများကိုသာ အဓိက စစ်ဆေးမှုများသာ ရှိတော့၍ နေအိမ်တွင် သေဆုံးသူများထက် ဆေးရုံတွင် သေဆုံးသူများကိုသာ Covid-19 ကြောင့် သေဆုံးခြင်း ဟုတ် မဟုတ်ကိုသာ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo: မေတ္တာရှင်လူမှုကူညီရေးအသင်း