မိုင်းလားတွင် COVID 19 ထိန်းချုပ်ရေးကန့်သတ်ချက်များ ဖယ်ရှားလိုက်ပြီး လွတ်လပ်စွာသွားလာခွင့်ပြု

မိုင်းလားတွင် COVID 19 ထိန်းချုပ်ရေးကန့်သတ်ချက်များ ဖယ်ရှားလိုက်ပြီး လွတ်လပ်စွာသွားလာခွင့်ပြု
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားဒေတွင် တစ်မြို့လုံးအား COVID 19 စစ်ဆေးရာ ကူးစက်သူမတွေ့ရ၍ မိုင်းလား ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဦးစီးအဖွဲ့နှင့် အိမ်နီးချင်းနိုင်ငံ (တရုတ်)မှ ပြင်ပချစ်ကြည်ရေးအသင်းတို့၏ ဆွေးနွေးဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့မှစ၍ ကန့်သတ်မှုများ ဖြေလျော့ပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မိုင်းလားတစ်မြို့လုံးအား  နိုဝင်ဘာလ (၁၈) ရက်နေ့က အာခေါင်တို့ဖတ်ဓါတ်ခွဲနမူနာစစ်ဆေးရာ ဓါတ်ခွဲအဖြေများတွင် COVID 19 မတွေ့ရသဖြင့် မိုင်းလားမြို့တွင်း COVID 19 ထိန်းချုပ်ရေးအတွက် ကန့်သတ်ထားသည်များကို ဖြေလျော့ပေးလိုက်ပြီး လွတ်လပ်စွာသွားလာခွင့်နှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်ရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။

ယင်းအပြင် မိုင်းလားမှ နမ့်ပန်းနှင့် ဆီလူးဒေသများကြား ယာဉ်အသွားအလာ ကန့်သတ်ထားခြင်းကိုလည်း ဖြေလျော့ပေးကြောင်း ကြေညာထားသည်။

အထူးဒေသ (၄) မိုင်းလားနှင့် အာဏာသိမ်းစစ်တပ်တို့ ထိန်းချုပ်သည့်နယ်မြေကြားရှိ  ဝမ်တာပင်းဂိတ်ကိုလည်း (၄)နှစ်တာ ပိတ်ထားခဲ့ရာမှ စ်တပ်ကအာဏာသိမ်းပြီး (၇)လကျော်အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်၍ မိုင်းပေါက် - မိုင်းလား - ကျိုင်းတုံလမ်းကို သွားလာခွင့်ရသွားပြီဖြစ်သည်။