ထီးလင်းမြို့နယ်မှ USDP ပါတီဝင် ၉ ဦး ပါတီကနေ နှုတ်ထွက်

ထီးလင်းမြို့နယ်မှ USDP ပါတီဝင် ၉ ဦး ပါတီကနေ နှုတ်ထွက်
နိုဝင်ဘာ 15, 2021 | အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ စင်းစယ်ရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝင် (၉)ဦးက ပါတီမှ နှုတ်ထွက်ခွင့်ပြုရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် တင်ပြထားကြောင်း သိရသည်။

ပါတီဝင်များဖြစ်ကြသည့် ဦီးလှမင်း၊ ဦးအောင်ထွေး၊ ဦးသာငို၊ ဦးဝသိန်း၊ ဦးဇော်အောင်၊ ဦးကျော်ဇင်ထွန်း၊ ဦးအောင်ဝင်း၊ ဦးစာစီလင်းနှင့် ဒေါ်ရီရီဌေးတို့က ပါတီမှနှုတ်ထွက်ခွင့်တင်ထားကြခြင်းဖြစ်ပြီး နှုတ်ထွက်ရခြင်းအကြောင်းရင်းကို ဖေါ်ပြထားခြင်းမရှိကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပါတီမှ တာဝန်ရှိသူများ၊ အနိုင်ရကိုယ်စားလှယ်များအား ဖမ်းဆီးခြင်း၊ ပါတီရုံးများအား စီးနင်းရှာဖွေခြင်း၊ ပါတီဝင်များ၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခြင်းများကို ရွေးကောက်ပွဲအနိုင်ရသည့် NLD တစ်ခုထဲပေါ်တွင်လုပ်နေခဲ့ခြင်းဖြစ်သော်လည်း စစ်တပ်ဖိအားပေးမှုမခံရသည့် USDP ပါတီမှ ကျေးရွာပါတီဝင်များက အစုလိုက် နှုတ်ထွက်ခွင့်တောင်းလာကြသည်ကို တွေ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲအပါအဝင် ရွေးကောက်ပွဲနှစ်ဆက် မဲမနိုင်သည့် USDP က  ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် မဲရလဒ်မဲစာရင်း (ပုံစံ ၁၉)တွင် ၎င်းတို့၏လွှတ်တော်ကိုယ်စားလှယ်လောင်းများ လက်မှတ်ထိုး အတည်ပြုပေးခြင်းမလုပ်ကြဘဲ သက်ဆိုင်ရာကော်မရှင်အဖွဲ့များအသီးသီးတွင် ကန့်ကွက်တောင်းဆိုကြရန် ညွှန်ကြားခဲ့ပြီး ရွေးကောက်ပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်အား သွားတွေ့ခဲ့ကြသည့် နိုင်ငံရေးပါတီများတွင်ပါဝင်သည်ကိုလည်း တွေ့ရသည်။