တစ်နှစ်ခွဲတာ ကာလအတွင်း BPLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၄၄ကြိမ် ဖြစ်ပွားခဲ့

တစ်နှစ်ခွဲတာ ကာလအတွင်း BPLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၄၄ကြိမ် ဖြစ်ပွားခဲ့

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တစ်နှစ်ခွဲတာ ကာလအတွင်း တိုက်ပွဲပေါင်း (၄၄)ကြိမ် ဖြစ်ပွားခဲ့ကြောင်း BPLAက ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

BPLA သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းထိ တိုက်ပွဲပေါင်း (၄၄)ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၉၁)ဦးသေဆုံးပြီး စစ်ကောင်စီတပ် ခလရ(၉၇)စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ (၁၆)ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ (၆၀)မမ (၄)လက်၊ (၄၀)မမ (၂)လက်၊ RPG (၂)လက်နှင့် အခြားလက်နက်ငယ်များ အပါအဝင် စုစုပေါင်း (၆၈)လက်ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

BPLAဘက်မှလည်း တစ်နှစ်ခွဲတာ ကာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ရဲဘော်(၄)ဦးကျဆုံးကာ ကျန်းမာရေးကြောင့် ကျဆုံးသူ(၃)ဦးနှင့် ဒဏ်ရာရသူ (၁၆)ဦး ရှိကြောင်း သိရသည်။ 

BPLAသည် ကရင်ပြည်နယ် KNU နယ်မြေအတွင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်စစ်ဒေသများတွင် စစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်ကာ ရက္ခိုင့်တပ်တော်(AA)နှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးကို တည်ဆောက်ထားသည်။

#TachileikNewsAgency