တာချီလိတ်နှင့်ကျိုင်းတုံမြို့တို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်မှုဖြင့် ဖမ်းခံရပြီး ပြန်လွှတ်ပေးထားသူများကို စရဖ နှင့် ရဲက မျက်ခြေမပြတ် စောင့်ကြည့်နေ

တာချီလိတ်နှင့်ကျိုင်းတုံမြို့တို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်မှုဖြင့် ဖမ်းခံရပြီး ပြန်လွှတ်ပေးထားသူများကို စရဖ နှင့် ရဲက မျက်ခြေမပြတ် စောင့်ကြည့်နေ
နိုဝင်ဘာ 8, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံရပြီး ပြန်လည် လွှတ်ပေးလာသည့်အထဲတွင် ပါဝင်သူများကို  ဆက်လက် စောင့်ကြည့်ရန်  ပြည်နယ် စစ်ကောင်စီက စရဖ နှင့် ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း သိရသည်။

"ဟိုတလောက ပြစ်ဒဏ် မချတော့ဘဲ ပြန်လွှတ်ပေးလိုက်တဲ့လူတွေကို စောင့်ကြည့်ခိုင်းထားတယ်။ အဲ့ဒီအပြင် ဖောက်ခွဲမှုနဲ့ပတ်သက်ပြီးတော့လည်း ကွင်းဆက်တွေကို ဆက်လိုက်ခိုင်းထားတာတွေ ရှိနေတယ်။"ဟု အမည်မဖော်လိုသည့်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းထားသည့်ကာလအတွင်း သဘာဝဘေး နှင့် ပုဒ်မ ၅၀၅-က တို့ဖြင့် အမှုဖွင့်ခံရသူများကို ပြန်လည်လွှတ်ပေးလာရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းထဲက တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် တာချီလိတ်မြို့က အများအပြား ပြန်လွှတ်လာကြသော်လည်း ဖောက်ခွဲရေးပစ္စည်းများနှင့် ဖမ်းမိသူများ အပါအဝင် ဖောက်ခွဲရေးနှင့်ဆက်စပ်သူများကို တြိဂံတိုင်းစစ်ဌာနကချုပ်က"ပြန်မလွှတ်သင့်သည့် တရားခံများ၏ အမည်စာရင်း"တွင် ထည့်သွင်းကာ ဆက်လက်၍ အမှုရင်ဆိုင်ခိုင်းစေကြောင်း သိရသည်။

မြန်မာနိုင်ငံအား စစ်တပ်မှ လက်နက်အားကိုးဖြင့် အာဏာသိမ်းလိုက်ပြီးနောက် အုပ်ချုပ်မှူနှင့်တရားဥပဒေစိုးမိုးရေးအပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ အထက်တွင် စစ်တပ်က ဒေသအသီးသီးတွင် လွှမ်းမိုးထားပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သူများအား ဦးစားပေးနှိမ်နင်းရန် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။