ကျိုင်းတုံမြို့တွင် ၅၀၅-က ဖြင့် ဖမ်းခံရသူများထဲက တြိဂံတိုင်းစစ်ဌာနချုပ်၏ "ပြန် မလွတ်သင့်သည့် တရားခံများ၏ အမည်စာရင်း"တွင် မပါဝင်သည့် စည်ပင်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုအား ပြည်နယ်၏ စေခိုင်းချက်အရ  အမြင့်ဆုံးထောင်ဒဏ် (၃)နှစ် ချမှတ်

ကျိုင်းတုံမြို့တွင် ၅၀၅-က ဖြင့် ဖမ်းခံရသူများထဲက တြိဂံတိုင်းစစ်ဌာနချုပ်၏ "ပြန် မလွတ်သင့်သည့် တရားခံများ၏ အမည်စာရင်း"တွင် မပါဝင်သည့် စည်ပင်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုအား ပြည်နယ်၏ စေခိုင်းချက်အရ  အမြင့်ဆုံးထောင်ဒဏ် (၃)နှစ် ချမှတ်
နိုဝင်ဘာ 5, 2021 | ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရပြီး တြိဂံတိုင်းစစ်ဌာနချုပ်၏ "ပြန်မလွတ်သင့်သည့် တရားခံများ၏ အမည်စာရင်း"များတွင် မပါဝင်သည့် ဦးအေးကိုအား အခြား ၅၀၅-က ဖြင့် ဖမ်းခံရသူများအတိုင်း  ပြန်မလွှတ်ဘဲ ပြည်နယ်၏ ညွှန်ကြားမှုဖြင့်ဟု ဆိုကာ နိုဝင်ဘာလ(၅)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်တရားသူကြီး အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ နှင့် အမိန့်ချထားသူများကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ၏ တတိယပတ်အတွင်းက လွတ်ပေးရန် ညွှန်ကြားထားရာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ ပြန်လွှတ်ပေးရမည့် ဖမ်းဆီးခံရသူများ၏ အမည်များကို တြိဂံတိုင်းစစ်ဌာနချုပ်က စိစစ်ပေးသည့်"ပြန်မလွတ်သင့်သည့် တရားခံများ၏ အမည်စာရင်း"တွင် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး အမှုဖွင့်ခံထားရသည့်  ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)၏ ဌာနခွဲတာဝန်ခံဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကို၏ အမည် မပါဝင်ကြောင်း သိရသည်။

တြိဂံတိုင်းစစ်ဌာနချုပ်က စိစစ်ပေးသည့် "ပြန်မလွတ်သင့်သည့် တရားခံများ၏ အမည်စာရင်း"တွင် တာချီလိတ်မြို့နှင့်ကျိုင်းတုံမြို့တို့မှ လက်နက်ခဲယမ်းဖြင့် ဖမ်းခံရသူများ၊ ဖောက်ခွဲမှုနှင့်ပတ်သက်၍ အမှုတွဲဖွင့်ခံထားရသူများသာ ပါဝင်ပြီး ဖောက်ခွဲမှုကြောင့် မဟုတ်ဘဲ Facebook ပေါ်တွင် ရေးသားချက်ကြောင့်ဟုဆိုကာ ၅၀၅-ကဖြင့် ဖွင့်ခံထားရသည့် ဦးအေးကို၏ အမည်မပါသော်လည်း ပြည်နယ်အဆင့်များက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ကို ဖီဆန်ကာ  ပြန်မလွတ်ပေးဘဲ ယနေ့ နိုဝင်ဘာလ(၅)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်အထိ ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

"DD ဦးအေးကို ကို ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်ရဲ့ အမိန့်အရ ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးကြည်ယုက အမိန့်ချလိုက်တာလို့ ကျွန်တော်တို့ ကြားတယ်။ ပြည်နယ်တရားသူကြီးချုပ်ကလည်း ဦးစိုင်းထွန်းထွန်းနဲ့က ပါတနာပဲ၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်ထွန်း က ဦးအေးကို ကို ဘာတွေ မကျေနပ်လည်းမသိဘူး။  တကယ်တော့ ဦးအေးကိုက အောက်လက်ငယ်သားတွေအပေါ် စေတနာအားကောင်းတဲ့သူ၊ ဘယ်သူ့အပေါ်ကိုမှ မကောင်းကြံတဲ့သူ၊ မိသားစု ပျက်စီးရာ ပျက်စီးကြောင်းအထိ အငြှိုးထားတာကတော့ တကယ်ကို မဖြစ်သင့်ဘူး။ စစ်တိုင်းကရော၊ ပြည်နယ် စကစ ဝန်ကြီးချုပ်ကရော ဒီကိစ္စကို ပြန် စိစစ်ပေးသင့်ပါတယ်။ အခုလို မတရားခံရတော့ တကယ် စိတ်မကောင်းဘူး"ဟု ပြည်နယ်စည်ပင်သာယာရေးဌာနမှ လုံခြုံရေးအရ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက နိုဝင်ဘာလ(၅)ရက်နေ့ ညနေပိုင်းက Tachileik News Agency သို့ ပြောသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးစိုင်းထွန်းထွန်းက ၎င်းကိုယ်တိုင် တရားလို ပြုလုပ်ခြင်း မဟုတ်ဘဲ အချက်အလက်များကို ကျိုင်းတုံသို့ ပေးပို့ပြီးနောက်  ၂၀၂၁ခုနှစ် မတ်လ(၁၁)ရက်နေ့ ည(၉)နာရီကျော်အချိန်တွင် ဦးအေးကို၏  အိမ်ရာသို့ စရဖ(စရတ)၊ ရဲ နှင့် ထွေအုပ်တို့ ရောက်ရှိကာ ဖမ်းဆီးပြီး ကျိုင်းတုံအကျဉ်းထောင်သို့ တခါတည်း ပို့ဆောင်ခံရပြီးနောက် ရက်ပေါင်း (၂၃၃)ရက်မြောက်နေ့တွင် အမိန့်ချလိုက်ခြင်း ဖြစ်သည်။ 

ဦးအေးကိုအား ဖမ်းဆီးထောင်ချရန် အမှုဖွင့်စေခိုင်းသူ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် ဌာနအတွင်း ဝန်ထမ်းများအပေါ် ရာထူးတိုးများအတွက် ငွေကြေးတောင်းခံခြင်း၊ နေရာကောင်း၊ မြို့ကောင်းရချင်သူများအပေါ် ငွေကြေးတောင်းခံခြင်း နှင့်   ဌာနအတွင်း အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုများကြောင့် ခုံရုံးဖွဲ့ခံရသည်အထိ ဖြစ်ပွားခဲ့သူ ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။