မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်
ဇူလိုင် 24, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ယနေ့ ဇူလိုင်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မူဆယ်မြို့မှ စယ်လန့်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား TNLA တပ်မဟာ(၁)၊ တပ်ရင်း(၁၁၂)က အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က (၃)ဦးသေသည်ဟု ထုတ်ပြန်ထားသည်။

 

ထို့နောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် TNLA ရှိရာသို့ (၇)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့ကာ အရပ်သားတစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် မူဆယ်မြို့မှ တိုက်ပွဲဖြစ်ပွားရာ စယ်လန့်သို့ စစ်ကားနှင့် အင်အားထပ်ဖြည့်နေသဖြင့် နှစ်ဖက်အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ခြေရှိနေသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုနှင့် အင်အား ထပ်မံဖြည့်တင်းလာခြင်းတို့‌ကြောင့် စယ်လန့်ဒေသခံများမှာ မန်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရွာလုံးကျွတ် ထွက်ပြေးခိုလှုံနေကြရသည်ဟု သိရသည်။

ဇူလိုင်လအတွင်း TNLAနှင့် မြန်မာစစ်တပ်တို့ မိုင်းငေါ့မြို့နယ်တွင် (၁)ကြိမ်၊ ကွတ်ခိုင်မြို့နယ်တွင် (၁)ကြိမ်၊ မူဆယ်မြို့နယ်တွင် (၂)ကြိမ် စုစုပေါင်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့သည်။

#TachileikNewsAgency

Photo : TNLAတပ်သားများ (ပုံဟောင်း)