မိုင်းယောင်းမြို့မှ စစ်သားတစ်ဦး CDF နှင့် ပူးပေါင်း

မိုင်းယောင်းမြို့မှ စစ်သားတစ်ဦး CDF နှင့် ပူးပေါင်း
နိုဝင်ဘာ 3, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ်မှ တပ်သားတစ်ဦး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) နှင့် လာရောက်ပူးပေါင်းလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) က နိုဝင်ဘာလ(၂)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

မိုင်းယောင်းတပ်နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ခြေမြန်တပ်ရင်း အမှတ်(၃၃၅)မှ ကိုယ်ပိုင်အမှတ် ၅၁၉၇၀၃ ကိုင်ဆောင်သူ တပ်သား ဟောက်အင်းလျန်းသည်  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုတော့ပူးပေပါင်းလာမှုအပေါ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ)က နွေးထွေးစွာကြိုဆိုထားသည်ဟု   သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

တပ်သား ဟောက်အင်းလျန်း CDF နှင့် ပူးပေါင်းလာမှုနှင့် ပတ်သက်၍ မည်သို့ချိတ်ဆက်သည်ကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

CDF နှင့် ပူးပေါင်းသွားသည့် တပ်သား ဟောက်အင်းလျန်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ကဖြစ်ပြီး တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်တွင် ဗျူဟာတပ် နှင့် စရဖတပ်၊ နယ်ခြားစောင့်တပ် အပါအဝင် တပ်ရင်းပေါင်း (၉၀)ကျော်ရှိသော်လည်း အချို့ ဒေသတွင်း ပြည်သူ့စစ်အင်အားများကိုလည်း ဖြည့်တင်းအသုံးပြုနေရကြောင်း  သိရသည်။