မိုင်းဆတ်မြို့တွင် ခလရ(၄၉)မှ ဗိုလ်ကြီးတစ်ဦး  Covid-19 ကူးစက်ခံရ

မိုင်းဆတ်မြို့တွင် ခလရ(၄၉)မှ ဗိုလ်ကြီးတစ်ဦး  Covid-19 ကူးစက်ခံရ
ဇူလိုင် 11, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ အမှတ်(၄၉)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးသည် သင်တန်းသွားတက်ရန်အတွက်  ဇူလိုင်လ(၁၁)ရက်နေ့တွင် Covid-19 စစ်ဆေးရာ ပိုးတွေ့ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့ လေယာဉ်ကွင်းအနီး အမှတ်(၄၉)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးသည် ပြင်ဦးလွင်သို့ ဇူလိုင်လ(၁၂)ရက်နေ့တွင် သွားရောက်ရန်အတွက် ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့တွင် RDT Test Kit ဖြင့်  Covid-19 စစ်ဆေးရာမှ ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ခလရ(၄၉)က ဗိုလ်ကြီးတစ်ဦးက ပြင်ဦးလွင်မှာ သင်တန်းသွားတက်ဖို့အတွက် ဒီကနေ ကိုဗစ် စစ်သွားရတာ၊ ၊ လေယာဉ်နဲ့သွားဖို့ လေယာဉ်ကတော့ ပုဂ္ဂလိကအနေနဲ့ မရှိပေမဲ့ စစ်တပ်လေယာဉ်ကတော့ရှိတယ်။ အခုလို ပိုးတွေ့တဲ့ တပ်တွင်းက လျှို့ဝှက်ထားမလား။ ထိတွေ့သူတွေ သွားလာသူတွေကို ဆက်လိုက်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ကျွန်တော်တို့ ကြားတာကတော့ အခြား ဒေသတွေကို သွားလာသူရှိသူ မဟုတ်ဘူးလို့တော့ သိရတယ်။ တပ်ထဲက လူတွေက အပြင်ထွက်တာတွေရှိတော့ အခုလို ပိုးတွေ့တာနဲ့ ပတ်သက်ပြီး ကိုဗစ် ကာကွယ်ရေးအတွက် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးပိုင်းကလည်း  ခွဲခြားမှုတွေ မပြုလုပ်ဘဲ သေချာ လုပ်ဆောင်ပေးသင့်တယ်

ဟု မိုင်းဆတ် ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၁)ရက်နေ့ ညပိုင်းက ပြောသည်။

မိုင်းဆတ်မြို့တွင် Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၉)ရက်နေ့က မန္တလေးမှ ပြန်လာသည့် ပို့တွေ့ (၁)ဦး အပါအဝင် ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့အထိ (၂)ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။