မိုင်းဆတ်မြို့နယ်တွင်းနေ တစ်နှစ်သားကလေးငယ်အတွက် ခွဲစိတ်ကုသစရိတ် အကူအညီများ လိုအပ်နေ

မိုင်းဆတ်မြို့နယ်တွင်းနေ တစ်နှစ်သားကလေးငယ်အတွက် ခွဲစိတ်ကုသစရိတ် အကူအညီများ လိုအပ်နေ
ဒီဇင်ဘာ 21, 2019
By Tachileik News Agency
မိုင်းဆတ်မြို့နယ်တွင်းနေ တစ်နှစ်သားကလေးငယ်အတွက် ခွဲစိတ်ကုသစရိတ်  
အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း ပူယားရွာမှ တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး နောက်ကျောဘက်တွင် ဘုလုံး ဖြစ်နေသည့်အပြင် ဦးခေါင်းတွင် ရေအိတ်ဖြစ်နေပြီး ကြီးလာနေသဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခွဲစိတ် ကုသမှုခံယူရန် ဆေးကုသစရိတ် ကျပ်သိန်း (၃၀)ခန့်လိုအပ်နေ၍ အလှူရှင်များ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

"မိဘတွေက ဆေးကုဖို့ ပိုက်ဆံလုံးဝ မရှိဘူးပေါ့။ ကျိုင်းတုံက ဆရာဝန်တွေရော၊ မန္တလေးကဆရာဝန်တွေရော ဆက်သွယ်ပြီး မေးထားပြီးပြီ။ ကလေးခေါင်းထဲက ရေတွေကို ဝမ်းဗိုက်ထဲကတစ်ဆင့် ပြန်လွှဲပေးရမှာလို့ပြောတယ်။ နောက်ကျောက ဘုလုံးကတော့ ဖြတ်ထုတ်လို့ရတယ် ပြောတယ်။ မန္တလေးကို မိဘတွေလိုက်သွားရမှာ။ ခွဲပြီးရင်လည်း ပြန်ပြန်ပြနေရဦးမှာဆိုတော့ မန္တလေးမှာနေဖို့ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးမှာပါ။ ကျွန်မကိုယ်တိုင် အဲဒီရွာကို သွားမယ်။ ဒီကအလှူခံလို့ အဆင်ပြေပြီဆိုတော့မှ သူတို့ကို ခေါ်မှာပါ။ တာချီလိတ်ဆေးရုံက လွှဲစာနဲ့ မန္တလေးကိုပို့ရမှာပါ"ဟု ကလေးငယ်ဆေးကုသနိုင်ရေး ကူညီပေးနေသည့် ရှမ်းအရှေ့ Health CSOs ကွန်ရက် မှ ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တစ်နှစ်ကျော်အရွယ် အာခါတိုင်းရင်းသား မောင်အာဗေမှာ ဦးခေါင်းတဖြည်းဖြည်း ကြီးမားလာနေသဖြင့် ခွဲစိတ်ကုသရန် လိုအပ်နေပြီး ခွဲစိတ်မှု အပါအဝင် ဆေးဖိုး၊ ခရီးစရိတ်နှင့် နေထိုင်စားသောက်စရိတ်များ အပါအဝင် စုစုပေါင်း ကျပ်သိန်း (၃၀) ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကလေးငယ်ဆေးကုသရန်အတွက် အလှူငွေထည့်ဝင် လိုသူများအနေဖြင့် ရှမ်းအရှေ့ Health CSOs ကွန်ရက် မှ ဒေါ်သန်းသန်းဌေး၏ ဖုန်း- ၀၉ ၅၂၄၂၂၃၂၊ ၀၉ ၇၇၁၅၇၀၅၅၇ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~