မိုင်းဆတ်မြို့နယ်အတွင်း မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု နှင့် မိုင်းထလန်းကျေးရွာအုပ်စုတို့ကို Semi Loackdown အဖြစ် နိုဝင်ဘာလ(၃၀)ရက်နေ့အထိ သတ်မှတ်

မိုင်းဆတ်မြို့နယ်အတွင်း မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု နှင့် မိုင်းထလန်းကျေးရွာအုပ်စုတို့ကို Semi Loackdown အဖြစ် နိုဝင်ဘာလ(၃၀)ရက်နေ့အထိ သတ်မှတ်
နိုဝင်ဘာ 2, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်မြို့နယ်အတွင်း Covid-19 ကူးစက်မှုမြှင့်မားနေသည့်အတွက် ကျေးရွာအုပ်စု (၂)ခုကို Semi Loackdown အဖြစ် နိုဝင်ဘာလ(၃၀)ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်း သိရသည်။

မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု နှင့် မိုင်းထလန်းကျေးရွာအုပ်စုတို့ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က စတင်ကာ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ Semi Loackdown အဖြစ် ချထားလိုက်ပြီး လိုက်နာရမည့် စည်းကမ်းချက် (၁၃)ချက်ကိုလည်း ထုတ်ပြန်ထားသည်။

မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု နှင့် မိုင်းထလန်းကျေးရွာအုပ်စုတို့တွင် လားဟူတိုင်းရင်းသား အများအပြားနေထိုင်ပြီး မိုင်းဆတ်မြို့တွင်ပြီးခဲ့သည့် အောက်တိုဘာလ(၂၅)ရက်နေ့က ကျင်းပသည့် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲတွင် အဆိုပါ ကျေးရွာအုပ်စုမှ လားဟူတိုင်းရင်းသား အများအပြားလည်း အတင်းအကြပ် ခေါ်မှုကြောင့် စစ်တပ်ထောက်ခံပွဲတွင် ပါဝင်ခဲ့ရကြောင်းလည်း သိရသည်။

မိုင်းဆတ်မှာတော့ မြို့ပေါ်ထက် ကျေးရွာတွေမှာ အတော်လေး ဖြစ်နေကြတယ်။ ကျေးရွာ တစ်ရွာပြီးတစ်ရွာ test kit တွေ နဲ့ ကွင်းဆင်းစစ်ပေးမှ ရမဲ့အနေအထားမျိုးဖြစ်နေတယ်။ ဒီကြားထဲ ဟိုနေ့က စစ်တပ်ထောက်ခံပွဲကို ကျေးရွာတွေက လားဟူတွေ  ရွာသူကြီးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်ကို ကြောက်ပြီး နားမလည်လည်း သွားခဲ့ကြရတယ်လေ

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂)ရက်နေ့တွင် ပြောသည်။

 Semi Loackdown သတ်မှတ်ထားသည့် ကျေးရွာအုပ်စု (၂)ခုအနေဖြင့် နေအိမ်တွင်းသာနေထိုင်ရမည်ဖြစ်ပြီး မဖြစ်မနေ ဈေးဝယ်ထွက်ခြင်း အပြင်သွားရန် ကိစ္စရှိခြင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ နှင့် ကိုဗစ် ကော်မတီသို့ ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကျေးရွာအုပ်စု (၂)ခုအတွင်း ဆေးဆိုင် နှင့် စားသောက်ဆိုင်များက လွဲ၍ ကျန်ဈေးဆိုင်များမှ ဈေးရောင်းချသူများအနေဖြင့် Covid-19 ရောဂါပိုး ရှိမရှိ စစ်ဆေးမှု ခံယူပြီး ပိုးမရှိမှသာ ဈေးရောင်းချရမည်ဖြစ်ကြောင်းနှင့် စားသောက်ဆိုင်များမှာ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ပြီး ဆေးဆိုင်၊ ဆေးခန်း နှင့် စက်သုံးဆီများမှအပ ကျန်သည့် ဆိုင်များမှာ နေ့လည် (၁)နာရီအထိသာ ဖွင့်လှစ်ခွင့်ရှိမည်ဟု သတ်မှတ်ထားသည်။

ကျန်းမာရေးနှင့် ပတ်သက်၍ ဆေးရုံဆေးခန်းများသို့ သွားရောက်လိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ကာ လူနာ(၁)ဦး၊ လူနာအကူ(၁)ဦးနှင့် ယာဉ်မောင်း(၁) စုစုပေါင်း (၃)ဦးသာ သွားရောက်ရမည်ဖြစ်ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာရန်လိုအပ်ပပါက အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

 Semi Loackdown  ချထားသည့် ကျေးရွာအုပ်စုများသို့ အခြား ရပ်ကွက်/ကျေးရွာများနှင့် အခြားမြို့နယ်များမှ အလည်ရောက်လာသူများကို နေထိုင်ခွင့် မပြုရန်အသိပေးထားပြီး ထုတ်ပြန်ထားချက်များကို လိုက်နာခြင်းမရှိပါက အရေးယူမည်ဟု မိုင်းဆတ်မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီက ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

မိုင်းဆတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်အထိ Covid-19 ကူးစက်ခံထားရသူ အရေအတွက်မှာ စုစုပေါင်း (၅၈၁)ဦးအထိ ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

မိုင်းဆတ်မြို့တွင် ဖမ်းမိသည့် မူးယစ်တရားခံ တစ်ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိသော်လည်း ဖမ်းဆီးရေးနှင့်စစ်ကြောရေးတွင် ပါဝင်သည့် မူးယစ်ရဲများမှာ ပုံမှန်အတိုင်း သွားလာနေ