တာချီလိတ်မြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်

 တာချီလိတ်မြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်
အောက်တိုဘာ 30, 2021 | ပညာရေး| Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၁)ရက်နေ့က စတင်ပြီး အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ရန်အတွက် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့တွင် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့၀င်များက ယနေ့ နံနက်ပိုင်းက အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်) နှင့် အထကခွဲ(ပုန်းထွန်)အပြင် လွယ်စီတုံအောက်ရွာရှိ မူလတန်းကျောင်းများတွင် Covid-19 ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်အတွင်းအနေဖြင့် မြို့နယ်ပေါင်း (၅၅)မြို့နယ်အနက် (၂၆)မြို့နယ်ရှိ စာသင်ကျောင်းများကို ဆက်လက် ပိတ်ထားမည်ဖြစ်ပြီး   တာချီလိတ်မြို့နယ်အပါအဝင် မြို့နယ်ပေါင်း (၂၉)မြို့နယ်မှ ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ကျောင်းများဆက်လက်ပိတ်ထားမည့် မြို့နယ်များမှာ  ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ နှင့်  မိုင်းဆတ်မြို့နယ်များ ဖြစ်ကြောင်း သိရသည်။

Covid-19 တတိယလှိုင်းဆက်လက်ရှိနေပြီး နွေရာသီကျောင်းပိတ်ရက် ရောက်ရန် (၄)လအကျော်သာ လိုတော့သည့် ကာလတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀)အနက်  (၄၆)မြို့နယ်မှလွဲ၍ ကျန်သည့် မြို့နယ်ပေါင်း(၂၈၄)မြို့နယ်တွင် ကျောင်းများပြန်ဖွင့်ခိုင်းထားခြင်း ဖြစ်သည်။