ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်းတပ်က လူနေရပ်ကွက်ကို လက်နက်ကြီးဖြင့်ပစ်၍ ကလေးငယ် အပါအဝင် အရပ်သား (၆) ဦးဒဏ်ရာရသည့် အနက် (၁) ဦး သေဆုံး

ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်းတပ်က လူနေရပ်ကွက်ကို လက်နက်ကြီးဖြင့်ပစ်၍ ကလေးငယ် အပါအဝင် အရပ်သား (၆) ဦးဒဏ်ရာရသည့် အနက် (၁) ဦး သေဆုံး
အောက်တိုဘာ 24, 2021 | ကယား

ရှမ်း - ကယားနယ်စပ် မိုးဗြဲတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းက မိုးဗြဲ PDF ၏ ကြားဖြတ် တိုက်ခိုက်မှုအတွင်း (၁၀) ထက်မနည်းသေဆုံးသွားပြီးနောက် အာဏာသိမ်းတပ်က လူနေရပ်ကွက်များဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ သုံးနှစ်ကလေးအပါအဝင် အရပ်သား (၆) ဦးဒဏ်ရာရပြီး (၁) ဦးသေသွားသည်ဟု သိရသည်။

လွိုင်ကော်ဘက်မှ ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို မိုးဗြဲ PDF က ကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်းတပ်မှ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် မိုးဗြဲ PDF က နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

 

 PDF များက လူနေရပ်ကွက်နှင့် ဝေးရာဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်သော်လည်း အာဏာသိမ်းအဖွဲ့၏ မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းက လူနေရပ်ကွက်များဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် သုံးနှစ်ကလေး၊ ကိုးနှစ်အရွယ်ကလေးများအပါအဝင် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရသည့်အနက် ၄၄ နှစ်အရွယ် အမျိုးသမီးမှာ သေဆုံးသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းမှာ အင်မတန် စက်ဆုပ်ဖွယ်ကောင်းသည်ဟု မိုးဗြဲ PDF ကထုတ်ပြန်ထားသည်။