ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး (၂) ဖွဲ့ကြား တိုက်ပွဲများရပ်ပြီး အမြန်ဆုံး ညှိနှိုင်းအဖြေရှာကြရန် ရှမ်းသံဃာနှင့် ပြည်သူများ တောင်းဆို

ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး (၂) ဖွဲ့ကြား တိုက်ပွဲများရပ်ပြီး အမြန်ဆုံး ညှိနှိုင်းအဖြေရှာကြရန် ရှမ်းသံဃာနှင့် ပြည်သူများ တောင်းဆို
အောက်တိုဘာ 27, 2021 | နိုင်ငံရေး| ရှမ်းတောင်

ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (၂) ဖွဲ့ကြား တိုက်ခိုက်နေမှုများအား ရပ်တန့်ပြီး ပြဿနာများကို အမြန်ဆုံး ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန် သျှမ်းပြည်သံဃာနှင့် ပြည်သူငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီက ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် သဘောထားထုတ်ပြန် တောင်းဆိုထားသည်။

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အနေဖြင့် ရှမ်းပြည်မိဘပြည်သူများ၏ ကောင်းကျိုးနှင့် မိမိတို့၏ အမျိုးသားရေးကို စောင့်ရှောက်ငဲ့ကွက်ခြင်းအားဖြင့် အမြန်ဆုံးရပ်တန့်ကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

RCSS/SSA နှင့် SSP/SSA တို့ကြား တိုက်ပွဲတွင် မဟာမိတ်များပါ ပါဝင်လာပြီး တိုက်ပွဲများကြောင့် လူ့အခွင့်အရေး ဆိုးဝါးစွာထိခိုက်မှုနှင့် စစ်ဘေးရှောင်အများအပြား ကာလရှည်ကြာ စစ်ရှောင်ရသည့် ဘေးဒုက္ခများကြောင့် နှစ်ဖွဲ့ကြားတိုက်ပွဲများ အမြန်ဆုံးရပ်ကြရန် လေးလေးနက်နက်တောင်းဆိုတိုက်တွန်းသည်ဟု သဘောထားထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

စစ်တပ်ကအာဏာသိမ်းမှုကို လက်မခံသည့် စစ်အာဏာရှင်တော်လှန်ရေးကြောင့် အာဏာသိမ်းစစ်တပ်က ပြည်နယ်နှင့် တိုင်းအချို့ကို စစ်အင်အားဖြင့် ထိုးစစ်ဆင်မှုများကြောင့် စစ်ဘေးရှောင်ရသူများရှိနေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ ရှိနေခြင်းဖြစ်သည်။