တာချီလိတ်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လုပ်ငန်းရှင်တို့ ရယူထားသည့် စိုက်ပျိုးမြေဧက နှစ်ထောင်နီးပါးကို ပြန်လည်သိမ်းဆည်း

တာချီလိတ်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လုပ်ငန်းရှင်တို့ ရယူထားသည့် စိုက်ပျိုးမြေဧက နှစ်ထောင်နီးပါးကို ပြန်လည်သိမ်းဆည်း
ဒီဇင်ဘာ 7, 2019
By Tachileik News Agency
တာချီလိတ်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လုပ်ငန်းရှင်တို့ ရယူထားသည့် 
စိုက်ပျိုးမြေဧက နှစ်ထောင်နီးပါးကိုပြန်လည်သိမ်းဆည်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း စစ်ဗျူဟာ (အခြေချ) တာချီလိတ်၊ ခရိုင်ရဲတပ်ဖွဲ့နှင့် လုပ်ငန်းရှင် (၁၁)ဦးတို့က စိုက်ပျိုးမြေများအဖြစ် လျှောက်ထားရယူထားပြီး လုပ်ငန်း အကောင်အထည် မဖေါ်သည့် မြေဧကနှစ်ထောင်နီးပါးကို ၂၀၁၉ ခုနှစ်တွင် နိုင်ငံပိုင်မြေအဖြစ် ပြန်လည်သိမ်းဆည်းလိုက်သည်။

အဆိုပါ မြေဧကများကို စိုက်ပျိုးမြေများအဖြစ် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကာလအတွင်း လျှောက်ထား ရယူထားခဲ့ကြခြင်းဖြစ်ပြီး စိုက်ပျိုးမြေအဖြစ် လုပ်ကိုင်ရန် လျှောက်ထားရယူထားသည့် မြေများကို (၄)နှစ်အတွင်း အကောင်အထည်ဖော်ရမည်ဟု မြေလုပ်ကိုင်ခွင့်ချထားပေးစဉ်က စည်းကမ်းသတ်မှတ်ပေးထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းမြေဧက (၂၀၀၀) ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂(ဂ)၊ နည်းဥပဒေ ၅၁(ခ)တို့နှင့်အညီ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့မှစ၍ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို ရုပ်သိမ်းလိုက်ပြီး ပေးသွင်းထားသော အာမခံကြေးများကိုပါ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ခြင်းဖြစ်သည်ဟု တာချီလိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၁၃) ရက် ရက်စွဲပါစာအမှတ် ၉၁၀/ မအ-၇ တွင် ဖေါ်ပြထားသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်း ဦးကိုချစ် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၈၉.၂၀) အနက် လုပ်ငန်းဖေါ်ဆောင်ခဲ့ခြင်း မရှိသည့် မြေ (၄၁.၂၀)ဧက၊ တက်နေဝင်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၅၀.၁၀)အနက် လုပ်ငန်းဖေါ်ဆောင်ခဲ့ခြင်း မရှိသည့်မြေ (၁၀.၁၀)ဧက၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၁၇၉.၃၀)အနက် လုပ်ငန်းဖေါ်ဆောင်ခြင်းမရှိသည့် မြေဧက (၉၁.၃)တို့ကို ပြန်လည်သိမ်းဆည်းလိုက်သည့် အပြင် စိုက်ပျိုးမြေအဖြစ် လျှောက်ထားပြီး (၄)နှစ်ကျော်လွန်သည်အထိ လုပ်ငန်းဖေါ်ဆောင်ခြင်းမရှိသည့် ဟောင်လိတ်ကျေးရွာအုပ်စုအတွင်း ဒေါ်နန်းခမ်းတစ် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၉၃.၁၉)၊ ဦးအိုက်လာ လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၇၁.၆၁)၊ ဦးအားဟီ လုပ်ကိုင်ခွင့် ရထားသည့် မြေ (၃၅.၁၉)ဧက၊ ဦးသန်းနိုင်က လုပ်ကိုင်ခွင့်ရထားသည့် မြေ (၁၀)ဧက၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်က လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၃၆၇)ဧက၊ ဦးထွန်းမင်းလတ် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၆၀၀)၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုတွင် ဒေါက်တာသီတာဇင် လုပ်ကိုင်ခွင့်ရထားသည့် စုစုပေါင်းမြေဧက (၂၅၀)၊ ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စုတွင် ဒေါ်အေးအေး လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၂၅၀)နှင့် ဒေါ်ဝင်းစံဖြူ လုပ်ကိုင်ခွင့်ရထားသည့် မြေဧက (၂၀၀)တို့ကိုလည်း သိမ်းဆည်းလိုက်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~