မိုင်းပျဉ်းမြို့တွင် အာဏာသိမ်းစစ်တပ် ထောက်ခံပွဲလုပ်ရန် ဗျူဟာမှူးက အင်အား ၁၀၀၀ ခွဲတမ်း ချ

မိုင်းပျဉ်းမြို့တွင် အာဏာသိမ်းစစ်တပ် ထောက်ခံပွဲလုပ်ရန် ဗျူဟာမှူးက အင်အား ၁၀၀၀ ခွဲတမ်း ချ
အောက်တိုဘာ 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲပြုလုပ်ရန်အတွက် စစ်ဗျူဟာမှူးက အင်အား (၁၀၀၀) ကို  ခွဲတမ်းချပြီး မလာမနေရ တောင်းခံထားကြောင်း သိရသည်။

မိုင်းပျဉ်းတွင် အောက်တိုဘာလ (၂၇) ရက်နေ့၌ အာဏာသိမ်းစစ်တပ်ထောက်ခံပွဲပြုလုပ်ရန်အတွက် မိုင်းပျဉ်း  စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်က အောက်တိုဘာလ (၂၆) ရက်နေ့၌ အစည်းအဝေးပြုလုပ်ပြီး USDP ပါတီဝင် အင်အား (၃၀၀)၊ ကျေးရွာအုပ်စုတစ်စုလျှင် အင်အား (၅၀) စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ စုစုပေါင်း အင်အား (၁၀၀၀) မလာမနေရ ခွဲတမ်းချပေးလိုက်ကြောင်း သိရသည်။

“မနက်ဖြန် တပ်ထောက်ခံပွဲလုပ်ဖို့ ဒီနေ့ ဗျူဟာမှူး သန်းထွန်းအောင်က အစည်းအဝေးခေါ်ပြီး မလာမနေရ ခွဲတန်းချပေးတယ်တဲ့။ ရှမ်းရှေ့မှာ အဲဒီလိုတွေ လုပ်နေကြပဲ။ မိုင်းဆတ်ကို လုပ်သွားတာလည်း အဲဒီလို ဖိအားတွေပေးပြီး လုပ်သွားတာ။ ထင်တိုင်းလျှောက်လုပ် အနိုင်ကျင့်ခံနေရတာ”ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၆)ရက်နေ့တွင် ပြောသည်။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင်လည်း အောက်တိုဘာလ (၂၅) ရက်နေ့က တပ်ထောက်ခံပွဲ ပြုလုပ်ရာတွင် ကျေးရွာအုပ်စုများအလိုက် မလာမနေခေါ်ထား၍ လာရသည့် ဒေသခံများမှာ ကြွေးကြော်သံကိုပင် မအော်တတ်ဘဲ သတ်မှတ်လမ်းကြောင်းအတိုင်း မိုးရွာထဲ လမ်းလျှောက်ခဲ့ကြရသည်ဟု သိရသည်။

ပြည်သူရွေးကောက်ထားသည့်အစိုးရကို ဖမ်းပြီး အာဏာသိမ်းထားသည့် စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်း(၂၆၀)ကျော်လာသည်အထိ အာဏာသိမ်းခြင်းအား ဆန့်ကျင်နေသည့် ပြည်သူများနှင့် ရင်ဆိုင်နေရချိန်တွင် တပ်ထောက်ခံပွဲများကို ဖိအားပေးလုပ်လာခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း

မိုင်းဆတ်မြို့တွင် အာဏာသိမ်းစစ်တပ် ထောက်ခံပွဲကို လားဟူတိုင်းရင်းသား အများအပြား ဘာမှမသိရဘဲပါဝင်ခဲ့ရ



#TachileikNewsAgency