KTV နှင့် Club များ ဖွင့်လှစ်ခွင့်ပြုထားသည့် တာချီလိတ်မြို့တွင် ညမထွက်ရ အချိန်ပြောင်း

KTV နှင့် Club များ ဖွင့်လှစ်ခွင့်ပြုထားသည့် တာချီလိတ်မြို့တွင် ညမထွက်ရ အချိန်ပြောင်း
အောက်တိုဘာ 22, 2021 | ရှမ်းရှေ့

ညပိုင်းများတွင် KTV နှင့် Club များ ဖွင့်လှစ်ခွင့်ပြုထားသည့် တာချီလိတ်မြို့တွင် ညမထွက်ရ အချိန်အား ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။

ယခင်က ညမထွက်ရ အမိန့်အား ညစဉ် ည(၈)နာရီ မှ နံနက်(၄)နာရီအတွင်း ညမထွက်ရ သတ်မှတ်ထားရာမှ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့က စ၍ ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရအဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်အား Covid-19 ထိန်းချုပ်ရန်အတွက်မဟုတ်ဘဲ အာဏာသိမ်းကာလအတွင်း တာချီလိတ်မြို့နယ်၏ နယ်နိမိတ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ - ၁၄၄အရ အမိန့်ထုတ်ပြန်ကြောင်း တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ထားသော်လည်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက Covid-19 ကူးစက်မှု လျော့ပါး၍ အချိန်လျော့ချသတ်မှတ်ပြောင်းလဲခြင်း ဖြစ်သည်ဟု ပြောကြားထားသည်။

"ဒီနေ့ ညရပ်ကွက်ထဲမှာ ညမထွက်ရ အချိန်ပြောင်းတယ်ဆိုတာကို ရပ်ကွက်ရုံးက အော်ပြီးအသိပေးတာကြားလိုက်ရတယ်။ ညမထွက်ရအချိန်က ထုတ်လည်းအလကားပဲလေ။ ktv တွေ club တွေ ဖွင့်နေတာ သွားလည်နေကြတာကို။ ဖွင့်ခွင့်ပေးထားတော့ သွားလည်ကြတယ်။ သွားလည်ပြီး အပြန်မှာ စောင့်ဖမ်းတာ ခံရတယ်။"ဟု တာချီလိတ်မြို့နေ လူငယ်တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ထားပြီးနောက် ညပိုင်း ကင်းလှည့်အဖွဲ့က KTV နှင့် Club အနီးတို့တွင် ညထွက်သူများကို စောင့်ဖမ်းကာ ငွေကြေးတောင်းခံမှုများရှိသည်ဟု သိရသည်။