၃၆ ကောင် ရောင်းချသူများကို တစ်လကျပ် ၄၀,၀၀၀ လိုင်းကြေးပေးရမည်ဟု ကျိုင်းတုံရဲတပ်ဖွဲ့က တောင်းရမ်း

၃၆ ကောင် ရောင်းချသူများကို တစ်လကျပ် ၄၀,၀၀၀ လိုင်းကြေးပေးရမည်ဟု ကျိုင်းတုံရဲတပ်ဖွဲ့က တောင်းရမ်း
အောက်တိုဘာ 22, 2021 | ရှမ်းရှေ့

တြိဂံတိုင်းစစ်ဌာနချုပ်  နှင့် ပြည်နယ်(ခွဲ)အုပ်ချုပ်ရေးမှူးရုံး အခြေစိုက်ရာ ကျိုင်းတုံမြို့တွင် ကျိုင်းတုံရဲတပ်ဖွဲ့က (၃၆)ကောင် ရောင်းချသူအချို့အား တစ်လလျှင် ကျပ်(၄၀,၀၀၀)လိုင်းကြေးပေးရမည်ဟု ပြောဆိုပြီး လိုက်လံ တောင်းခံနေကြောင်း သိရသည်။

ကျိုင်းတုံမှာ (၃၆)ကောင်ရောင်းတာကို ရဲတွေက ပိုက်ဆံလာတောင်းနေလို့ပါ။ ရောင်းခွင့်မရှိဘူးလားမေးတော့ အဲ့လိုလည်း မဟုတ်ဘူးတဲ့ သူတို့ကို တစ်လ ကျပ်(၄၀,၀၀၀)ပေးရမယ်တဲ့ အခုလိုကာလမှာ အဆင်ပြေတဲ့နည်းနဲ့ လုပ်စားနေကြရတာကို စီးပွားရေး အခက်အခဲဖြစ်နေရတဲ့အထဲ အခုလို အချောင်လိုချင်တာတော့ မဖြစ်သင့်ဘူးပေါ့

ဟု ကျိုင်းတုံ ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့တွင်  ၃၆ ကောင် နှင့် ပတ်သက်၍ ယခင်က ရဲတပ်ဖွဲ့မှ လိုင်းကြေးဟု၍ ရောင်းချသူများအပေါ် တောင်းခံခြင်းမရှိကြောင်း သိရသည်။

အရင်က တောင်းတာတွေမရှိပါဘူး။ ဒီနေ့ အသိက ဖုန်းဆက် သတိပေးလာသေးတယ် သူတို့တော့ လစဉ် ကျပ်(၄၀,၀၀၀)ပေးရမယ်ဆိုပြီး ပြောလာလို့ စကားများရတဲ့အကြောင်း ပြောလာတယ်။ သိပ်မကြာဘူး ကျွန်မတို့ဘက်လည်း ဆိုင်ကယ် နဲ့ရောက်လာတယ်

ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

(၃၆)ကောင်သည် ရှမ်းပြည်နယ်တွင် ရိုးရာတစ်ခုပမာ တစ်နေ့လျှင် (၁)ကြိမ်မှ (၂)ကြိမ်အထိဖွင့်သည့် ပုဂ္ဂလိကထီတစ်မျိုးဖြစ်ပြီး ပေါက်ကောင်များဖွင့်လှစ်ရန်အတွက် ထိုးသားများကို ဒိုင်က စကားဝှက်သဖွယ် အတိတ်နှင့်အဓိပ္ပာယ်(နီး/တိတ်)များပေးကာ ကံစမ်းစေသည့် လောင်းကစားတစ်မျိုးဖြစ်သည်။