ရန်ကုန်တွင် မီတာခမဆောင်သည့်နေရာများအား မီးလိုက်ဖြတ်နေပြီး မီတာရုံးအချို့တွင် ပေါက်ကွဲမှုများဖြစ်ပွား

ပုံအညွှန်း - ကြည့်မြင်တိုင်တွင် မီးလိုက်ဖျက်နေစဉ်
ပုံအညွှန်း - ကြည့်မြင်တိုင်တွင် မီးလိုက်ဖျက်နေစဉ်
ရန်ကုန်တွင် မီတာခမဆောင်သည့်နေရာများအား မီးလိုက်ဖြတ်နေပြီး မီတာရုံးအချို့တွင် ပေါက်ကွဲမှုများဖြစ်ပွား
အောက်တိုဘာ 22, 2021 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်တော်တော်များများတွင် မီတာခမပေးဆောင်၍ဟုဆိုကာ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် မီးကြိုးဖြတ်ခြင်း၊ မီးဖြတ်ခြင်းများ လိုက်လံလုပ်ဆောင်နေချိန်တွင် မီတာရုံးများတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

မီတာခ မဆောင်လို့ဆိုပြီး တချို့နေရာတွေမှာ မီးကြိုးတွေ လိုက်ဖြုတ်တာ လုပ်သလို၊ မီးလည်း ဖြတ်လိုက်တယ်။ ကျွန်တော်တို့ ကြည့်မြင်တိုင်ဘက်အပြင် တခြားမြို့နယ်တွေမှာလည်း ခုလို လုပ်တယ်လို့ ပြောတယ်ဗျ

ဟု ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦး Tachileik News Agency သို့ ပြောသည်။



အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများက အာဏာသိမ်းအဖွဲ့အား အထောက်အပံ့ မဖြစ်စေရေးအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့်နည်းလမ်းအဖြစ် အခွန်အခမပေးဆောင်သည့် ပြည်သူ့အာဏာဖီဆန်ရေးကို လုပ်ဆောင်နေကြပြီး အာဏာသိမ်းအဖွဲ့ကလည်း အခွန်အခများ ရရှိရေးအတွက် ဖိအားပေးလုပ်ဆောင်လာခြင်းဖြစ်သည်။

ယင်းအပြင် ယနေ့ နေ့လယ် (၁၂)နာရီဝန်းကျင်ကလည်း ရန်ကုန်တိုင်းအတွင်း သင်္ဃန်းကျွန်း၊ ရန်ကင်း၊ အလုံ ၊ အင်းစိန် ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံနှင့် အခြား မြို့နယ်များရှိ မီတာရုံးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး မီတာခ အတင်းအကျပ်ကောက်ခံနေခြင်း၊ မီတာမဆောင်၍ မီးဖြတ်ခြင်း၊ မီတာဖြုတ်သိမ်းစသည်တို့ကို အာဏာသိမ်းအဖွဲ့ဘက်က လုပ်ဆောင်နေ၍ သတိပေးလုပ်ဆောင်ခြင်းဖြစ်ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်လာသည်ကိုလည်း တွေ့ရသည်။

ယင်းကဲ့သို့ အာဏာသိမ်းအဖွဲ့က ဖိအားပေးလုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ မီတာခ လာကောက်သူများအား ဓါတ်ပုံရိုက်ထားပါဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ကလည်း သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။

 

 

Photo: CJ