ကျောက်မဲမြို့တွင် COVID 19 လျော့ကျခြင်းမရှိသေးသော်လည်း Mask မတပ်သည့် လူစုလူဝေးဖြင့် စည်ကားနေ

ကျောက်မဲမြို့တွင် COVID 19 လျော့ကျခြင်းမရှိသေးသော်လည်း Mask မတပ်သည့် လူစုလူဝေးဖြင့် စည်ကားနေ
အောက်တိုဘာ 20, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် COVID 19 တွေ့ရှိမှု လျော့ကျခြင်းမရှိသေးသော်လည်း လူစုလူဝေးဖြင့် စည်ကားနေပြီး အများစုမှာ Mask မတပ်ကြတော့ကြောင်း သိရသည်။

COVID 19 ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ဈေးများ ပြန်ဖွင့်ခွင့်ပေးထားသော်လည်း လိုက်နာခြင်းမရှိသလို သက်ဆိုင်ရာကလည်း ကြပ်မတ်ခြင်းမရှိကြောင်း သိရသည်။

 ကိုဗစ်ကော်မတီက သတ်မှတ်ပေးထားတဲ့စည်းကမ်းတွေနဲ့လဲ မရောင်းချကြပါဘူး၊ မနက်ခင်းဈေး ( မင်္ဂလာဈေး ) ဆိုရင် ဈေးအထဲမှာ စနစ်တကျနေရာချထားပေးတာလည်း အထဲမှာကျ ရောင်းမယ့်သူမရှိဘူး။ အပြင်ဘက်က ကားလမ်းမပေါ်မှာပဲ ကြပ်ညှပ်နေအောင်ရောင်းကြတာ။ အခြေခံအချက်ဖြစ်တဲ့ Mask လေးတောင် မတပ်ကြတော့ဘူး။ ဒီပုံအတိုင်းဆို ကိုဗစ်ပိုးက ဘယ်တော့မှ လျော့သွားမှာမဟုတ်ဘူး။ ကိုဗစ်ကော်မတီလို သက်ဆိုင်ရာကမှလည်း လာပြီး မကြပ်မတ်ကြဘူး

ဟု ကျောက်မဲ နံနက်ခင်းဈေးမှ ဈေးသည်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း COVID 19 တတိယလှိုင်းစသည့် ဇွန်လ (၂၀) ရက်နေ့မှ အောက်တိုဘာလ ( ၂၀ ) ရက်နေ့အထိ စာရင်းရသည့် ပိုးတွေ့လူနာ ( ၁၇၀၉ ) ရှိသည့်အနက် ( ၉၅ )ဦးသေဆုံးခဲ့ရသည့်အပြင် ပိုးတွေ့လူနာစာရင်းတွင် မပါဝင်ဘဲဖြစ်ပွားမှုများလည်းရှိ၍ စတုတ္ထလှိုင်း ထပ်မံဖြစ်ပွားမည်ကို ဒေသခံအချို့က စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

 

ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၏ ပြောဆိုချက်များအရ ပိုးတွေ့နှုန်းမှာ လျော့ကျခြင်းမရှိသေးဘဲ အောက်တိုဘာလ( ၁၁ ) ရက်နေ့ တစ်နေ့အတွင်း ကျောက်မဲမြို့နယ်ရှိ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ဝန်ထမ်းအိမ်ရာတွင် ပိုးတွေ့သူ (၅၅) ဦး တွေ့ရှိထားခြင်းဖြစ်ကြောင်း သိရသည်။