ဆန္ဒပြပွဲတွင် အစ်ကိုဖြစ်သူပစ်သတ်ခံထားရသည့် အာဏာသိမ်းစစ်တပ်မှ တပ်သားတစ်ဦး MNDAAတပ်သို့  အလင်းဝင်

ဆန္ဒပြပွဲတွင် အစ်ကိုဖြစ်သူပစ်သတ်ခံထားရသည့် အာဏာသိမ်းစစ်တပ်မှ တပ်သားတစ်ဦး MNDAAတပ်သို့  အလင်းဝင်
အောက်တိုဘာ 20, 2021 | ရှမ်းမြောက်

အာဏာသိမ်းမှု လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်သည့် အစ်ကိုဖြစ်သူ ပစ်သတ်ခံလိုက်ရသည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦး လက်ပစ်ဗုံး (၂) လုံးနှင့်အတူ MNDAAတပ်သို့  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့က အလင်းဝင်သွားကြောင်း သိရသည်။

အလင်းဝင်သွားသည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်မှာ  စစ်ကောင်စီတပ် တပ်မ(၁၂)လက်‌အောက်ခံ တပ်ရင်း(၅၄၅)တပ်ရင်းမှူး၏ ကိုယ်ရံတော်ဖြစ်ပြီး စနိုက်ပါကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

အဆိုပါတပ်သားသည် အောက်တိုဘာလ (၁၈) ရက်နေ့က မုန်းကိုးဒေသတွင် အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA တို့ကြား တိုက်ပွဲအတွင်း ကိုးကန့်ဘက်သို့ အလင်းဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အလင်းဝင်လာသည့် တပ်သားသည် ဗမာလူမျိုးတစ်ဦးဖြစ်ပြီး ၎င်း၏အစ်ကိုအရင်းဖြစ်သူမှာ စစ်ကောင်စီအလိုမရှိဆိုသည့် ဆန္ဒပြပွဲထဲတွင် ရဲတပ်ဖွဲ့ဝင်၏ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရသည်ကို ကြားသိရချိန်ကတည်းက တပ်ထဲတွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့၍ ကိုးကန့် MNDAA တပ်သို့ လာရောက်အလင်းဝင်ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုသည့် တပ်သားများစွာရှိနေသော်လည်း တပ်သားမိသားစုများကို တင်းကျပ်စွာထိန်းချုပ်ထားမှုများကြောင့် ထွက်လာနိုင်ခြင်းမရှိသူများရှိနေသည်ဟုလည်း ထွက်ဆိုကြောင်း သိရသည်။

လက်ရှိတွင် အလင်းဝင်လာသည့် တပ်သားအား COVID 19 စစ်ဆေးကာ ကျန်းမာရေးဝန်ထမ်းအစောင့်အရှောက်ဖြင့် အသွားအလာကန့်သတ်ထားကြောင်း သိရသည်။ 

စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းမည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က ယခုရက်ပိုင်းအတွင်း မုန်းကိုးဒေသဘက်တွင် ကိုးကန့် MNDAA ကို စစ်ရေးတိုးမြှင့်နေသဖြင့် MNDAA က တိုက်ပွဲများရှောင်နိုင်ရေး ကြိုးစားနေရသည်ဟု ဆိုသည်။