အမျိုးသမီးငယ်များ မလိုလားအပ်ဘဲ ကိုယ်ဝန် မရရှိစေရေးအတွက် သားဆက်ခြားရေး အသိပညာပေး

အမျိုးသမီးငယ်များ မလိုလားအပ်ဘဲ ကိုယ်ဝန် မရရှိစေရေးအတွက် သားဆက်ခြားရေး အသိပညာပေး
အောက်တိုဘာ 28, 2020
By Tachileik News Agency

 

အမျိုးသမီးငယ်များ မလိုလားအပ်ဘဲ ကိုယ်ဝန် မရရှိစေရေးအတွက် သားဆက်ခြားရေး အသိပညာပေး  
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် သားဆက်ခြားကျန်းမာရေးအသိပညာပေးခြင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း ( MANA ) က ဦးဆောင်ကျင်းပသည်။
ကလေးမွေးပြီး စွန့်ပစ်ခြင်းများမရှိစေရန် မလိုလားအပ်သော ကိုယ်ဝန်မရရှိစေရေးအတွက် လိင်ဆက်ဆံရာတွင် အမျိုးသားနှင့် အမျိုးသမီးများ အကာအကွယ်ပစ္စည်း အသုံးပြုရန်၊ လက်မောင်းတွင်ထည့်ရသည့် သန္ဓေတားပစ္စည်းအသုံးပြုရန်နှင့် သန္ဓေတားပစ္စည်းအမျိုးမျိုးကို အသုံးပြုပုံများ၊ သန္ဓေတားဆေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့သားဆက်ခြားရေးနေ့ ( World Contraception Day ) အထိမ်းအမှတ်အဖြစ် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးဆက်ပွား သားဆက်ခြား ကျန်းမာရေး အသိပညာပေးအစီအစဉ်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားကို ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံ၊ မက်သာဒုန်းစင်တာရှေ့ ကွင်းပြင်တွ MANA က ဦးဆောင်ကျင်းပရာ ကျောက်မဲရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတို့က ဟောပြောခဲ့ကာ အမျိုးသမီး (၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
“တကယ်ကတော့ စက်တင်ဘာ (၃၀) ရက်နေ့က ကမ္ဘာ့ သားဆက်ခြားရေးနေ့ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ အသိပညာပေးဟောပြောပွဲကို လုပ်နိုင်ခဲ့တာပါ။ အဓိကအနေနဲ့ကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေရဲ့ ဇနီး၊ သားသမီး စသည်တို့ရယ်၊ လူမှုကူညီရေးအဖွဲ့တွေက လူငယ်အမျိုးသမီးငယ်တွေရယ်ကို ဖိတ်ကြားပြီး အသိပညာပေး ဆွေးနွေးတာဖြစ်ပါတယ်။ အဓိကသိသင့်သိထိုက်တဲ့ အထူးသဖြင့် မျိုးဆက်ပွားအရွယ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေ၊ သိသင့်တဲ့ ကျန်းမာရေးဗဟုသုတတွေ၊ သားဆက်ခြားရေးအကြောင်းအရာတွေ၊ ပဋိသန္ဓေတားနည်းတွေ စတာတွေကို ခရိုင်သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးနဲ့ Marie Stopes International ( ကျောက်မဲရုံး) တို့က ဆရာမလေးတို့ကနေ အသိပညာပေးပြီး တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ဆွေးနွေးစေတာမျိုး ဖြစ်ပါတယ်”ဟု ကျောက်မဲရှိ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ အန္တရာယ်လျှော့ချရေးစီမံချက် ( MANA ) မှ Area Manager ( Kyaukme DIC ) ဒေါက်တာ သိန်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာစန္ဒာကျော်က သားအိမ်ခေါင်း ကင်ဆာနှင့်ပတ်သက်သည့် အသိပညာပေးနှင့် သားဆက်ခြား မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးများ၊ အမျိုးသမီးငယ်များအတွက် သိသင့် သိထိုက်သော သားဆက်ခြားနည်း၊ သားအိမ်ခေါင်းကင်ဆာကို ကြိုတင်စစ်ဆေးနည်းနှင့် ကာကွယ်ဆေးထိုးနှံရန်လုပ်ဆောင်ရမည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အမျိုးသမီးများက လက်မောင်းအတွင်းထည့်ရသည့် သန္ဓေတားပစ္စည်းများအကြောင်း၊ သားအိမ်ခေါင်းကင်ဆာအကြောင်း စသည့် သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့သည်။
သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ဆေးကို အမျိုးသမီးများအား အသက် ( ၈) နှစ် မှ (၁၀ ) နှစ် အထိ နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဌာနက အခမဲ့ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ကာကွယ်ဆေးသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို (၉၃) ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
အိမ်ထောင်ကျပြီးသူ( သို့မဟုတ်) အိမ်ထောင်မကျသေးသော်လည်း လိင်နှင့်ပတ်သက်သည့် ဆက်စပ်မှုရှိထားသော အမျိုးသမီးများအတွက် ထိုသို့ ပတ်သက်မှုရှိပြီးသည့် (၂) နှစ်မှ (၃) နှစ်အတွင်း သားအိမ်ခေါင်း ကင်ဆာနှင့်ပတ်သက်သည့် စစ်ဆေးမှုကို ပြည်သူ့ဆေးရုံတွင် အခမဲ့စစ်ဆေးနိုင်ကြောင်း သိရသည်။
  Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~