တာချီလိတ်မြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ (၄၉)ဦး ထပ်မံ ထုတ်ပယ်ခံရ

တာချီလိတ်မြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ (၄၉)ဦး ထပ်မံ ထုတ်ပယ်ခံရ
အောက်တိုဘာ 16, 2021 | ပညာရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်အတွင်းရှိ ပညာရေးဌာနများမှ CDM လုပ်ဆောင်ထား၍ ဆရာ၊ဆရာမ(၄၉)ဦးကို ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက  ထပ်မံထုတ်ပယ်လိုက်ကြောင်း သိရသည်။

ထပ်တိုးထုတ်ပယ်ခံရသည့် (၄၉)ဦးတွင် အထက်တန်းပြ (၂)ဦး၊ အလယ်တန်းပြ (၇)ဦး၊ မှုလတန်းကျောင်းအုပ် (၅)ဦး၊ ဒုတိယအလယ်တန်းပြ (၅)ဦး၊ ဒုတိယမူလတန်းပြ (၃)ဦး၊ လက်ထောက် မူလတန်းပြ (၂၆)ဦး နှင့် အထွေထွေလုပ်သား (၁)ဦး တို့ ပါဝင်ခြင်း ဖြစ်သည်။

"အခု (၄၉)ယောက်ကတော့ အရင်က ထုတ်ထားတဲ့ ယာယီရပ်ဆိုင်းခံရတဲ့အထဲမှာ မပါဘူး။ သူတို့က ရုံးနဲ့အဆက်အသွယ်မရှိဘူး။ ရုံးကိုလည်း အဆက်အသွယ်မလုပ်ဘူး။ ဘာမှ အဆက်အသွယ်မရလို့ ထုတ်ပယ်တာ။  ဒီထဲမှာ တခါတုန်းက အလုပ်ဝင်မလား မဝင်ဘူးလားလို့ စာရင်းကောက်တုန်းက ဝင်မယ်လို့ ပြောပြီး မဝင်တဲ့သူတွေလည်း ပါတယ်"ဟု ပညာရေးဝန်ထမ်း တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက တာချီလိတ်မြို့နယ်အတွင်းမှ CDM လုပ်ဆောင်ထားသည့် ပညာရေးဝန်ထမ်း ဆရာ၊ဆရာ စုစုပေါင်း (၂၄၄)ဦးကို ၂၀၂၁ခုနှစ် မေလ(၂၇)ရက်နေ့က ထုတ်ပယ်ခဲ့သလို ယခုလည်း ကျန်ရှိသည့် (၄၉)ဦးအား ၂၀၂၁ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။