နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များတွင် တန်းတူညီမျှမှုအပေါ် အခြေခံရန် တာချီလိတ်ခရိုင်/မြို့နယ် တာဝန်ရှိသူများက မယ်ဆိုင်ထုတ်ပြန်ချက်အပေါ် တုန့်ပြန်

နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များတွင် တန်းတူညီမျှမှုအပေါ် အခြေခံရန် တာချီလိတ်ခရိုင်/မြို့နယ် တာဝန်ရှိသူများက မယ်ဆိုင်ထုတ်ပြန်ချက်အပေါ် တုန့်ပြန်
စက်တင်ဘာ 18, 2020
By Tachileik News Agency
နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များတွင် တန်းတူညီမျှမှုအပေါ် အခြေခံရန် တာချီလိတ်ခရိုင်/မြို့နယ် တာဝန်ရှိသူများက မယ်ဆိုင်ထုတ်ပြန်ချက်အပေါ် တုန့်ပြန်
COVID 19 ကာကွယ်ရေးအတွက် တာချီလိတ် - မယ်ဆိုင် ကုန်သွယ်ရေးလုပ်နေသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)တွင် မြန်မာကုန်ပစ္စည်းတင် မော်တော်ယာဉ်များမှ ယာဉ်မောင်းများကို မယ်ဆိုင်အဝင်၌ ယာဉ်မောင်းလဲလှယ်မောင်းနှင်ရန် မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက ပြောကြားလာမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံ မြို့နယ်အဆင့်တာဝန်ရှိသူများ မယ်ဆိုင်မြို့၌ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့က သွားရောက်ဆွေးနွေးခဲ့စဉ်က နှစ်နိုင်ငံတန်းတူအခွင့်အရေးအပေါ် အခြေခံရန် တာချီလိတ်ဘက်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်က နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီမှုမရှိဘဲ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ပတ်သက်သည့် ကန့်သတ်ချက်တစ်စောင်ကို စက်တင်ဘာလ (၁၅)ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကုန်တင်ယာဉ် (၁၆၈)စီးကိုသာ နေ့စဉ်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး မြန်မာယာဉ်မောင်းများ မယ်ဆိုင်အဝင်တွင် ယာဉ်မောင်းလဲရန် ဖေါ်ပြထားသည်။

“ကျွန်တော်တို့ နိုင်ငံကလည်း အချုပ်အခြာအာဏာပိုင်စိုးတဲ့နိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ တန်းတူရည်တူရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်က တစ်ဖက်သတ် ဆောင်ရွက်မှုတွေ၊ အသာစီးရယူ ဆောင်ရွက်မှုတွေကို ကျွန်တော်တို့လက်ခံဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ရှေ့ဆက်ပြီးတော့ သွားနိုင်ဖို့ဆိုရင် နှစ်နိုင်ငံ တန်းတူညီမျှ အခွင့်အရေးဆိုတာ ရှိရမှာဖြစ်ပါတယ်။ တစ်နိုင်ငံရဲ့ဥပဒေကို တစ်နိုင်ငံက လေးစားလိုက်နာရမှာဖြစ်ပါတယ်”

မြန်မာ ကုန်တင်ယာဉ်မောင်းများအား မယ်ဆိုင်ဘက်က တစ်ဖက်သတ် ကန့်သတ်မှုနှင့်ပတ်သက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၏ တုန့်ပြန်ပြောကြားမှုမှ ကောက်နှုတ်ချက် (၁၄.၉.၂၀၂၀)
မယ်ဆိုင်ဘက်က ခွင့်ပြုမည့် ကုန်တင်ယာဉ် (၁၆၈)စီးတွင် မြန်မာလိုင်စင်ဖြင့် ယာဉ် (၆)စီးသာ ပါဝင်သဖြင့် တာချီလိတ်ဘက်မှ ယာဉ်(၆)စီးနှင့် မယ်ဆိုင်ဘက်မှ ယာဉ်(၆)စီးသာ နေ့စဉ်ခွင့်ပြုရန်နှင့် ထိုင်းယာဉ်မောင်းများလည်း တာချီလိတ်အဝင်တွင် ယာဉ်မောင်းလဲရန် တာချီလိတ်ဘက်က စက်တင်ဘာလ (၁၆)ရက်နေ့၌ ပြန်လည်ထုတ်ပြန်လိုက်သည်။

“အဓိက ကတော့ နှစ်နိုင်ငံ တန်းတူညီမျှဖြစ်ဖို့ လိုပါတယ်။ ၂၀၁၆ ခုနှစ် နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်အရလည်း နှစ်နိုင်ငံကွဲပြားမှုတွေရှိရင် နှစ်နိုင်ငံညှိနှိုင်းပြီး ဆွေးနွေးရမယ်လို့ ထည့်သွင်းပြီး စာချုပ်ချုပ်ထားတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ တန်းတူညီမျှရှိမှုက အဓိကဖြစ်တယ်။ အခုလို COVID ကာလမှာ နှစ်နိုင်ငံညှိနှိုင်းဆုံးဖြတ်ရမယ့် ကိစ္စတွေမှာ နှစ်နိုင်ငံတန်းတူညီမျှမှုအပေါ် အခြေခံဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်”

မြန်မာ ကုန်တင်ယာဉ်မောင်းများအား မယ်ဆိုင်ဘက်က တစ်ဖက်သတ် ကန့်သတ်မှုနှင့်ပတ်သက်၍ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၏ တုန့်ပြန်ပြောကြားမှုမှ ကောက်နှုတ်ချက် (၁၄.၉.၂၀၂၀)
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~