ခရမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရာနှုန်းပြည့် နှုတ်ထွက်သွားကြသော်လည်း အာဏာသိမ်းအဖွဲ့နှင့် ဆက်သွယ်မှုရှိ မရှိ ခရမ်း PDF က ဆက်လက် စောင့်ကြည့်မည်

ခရမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရာနှုန်းပြည့် နှုတ်ထွက်သွားကြသော်လည်း အာဏာသိမ်းအဖွဲ့နှင့် ဆက်သွယ်မှုရှိ မရှိ ခရမ်း PDF က ဆက်လက် စောင့်ကြည့်မည်
အောက်တိုဘာ 15, 2021 | အခြားဒေသများ

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများရာနှုန်းပြည့် နှုတ်ထွက်သွားကြသော်လည်း နှုတ်ထွက်သွားသူများသည် အာဏာသိမ်းအဖွဲ့နှင့် ဆက်သွယ်မှုရှိ မရှိကို အဆက်မပျက် စောင့်ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လစ်လပ်သွားသည့် နေရာများတွင် အစားထိုး ခန့်အပ်မည် အုပ်ချုပ်ရေးမှူးအသစ်များကိုလည်း ခရမ်း PDF က သတိပေးခြင်းများ မပြုလုပ်တော့ဘဲ ပြည်သူ့ဆန္ဒအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ခရမ်းမြို့နယ်အတွင်း  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများဖြစ်သည့် စာရေးများအနေဖြင့်လည်း နှုတ်ထွက်စာတင်ကြရန်  သို့ မဟုတ် CDM လုပ်ဆောင်ကြရန် နှင့် မနှုတ်ထွက်ပါက သစ္စာဖောက်ဒလန် အကြီးစားများအဖြစ် သတ်မှတ်လုပ်ဆောင်သွားမည်ဟု ပြင်းပြင်းထန်ထန်သတိပေးထားသည်။