အပစ်ရပ်မည်ဟုကြေညာထားသည့် အာဏာသိမ်းတပ်က MNDAA ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေ

အပစ်ရပ်မည်ဟုကြေညာထားသည့် အာဏာသိမ်းတပ်က MNDAA ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေ
အောက်တိုဘာ 11, 2021 | ရှမ်းမြောက်

အပစ်ရပ်မည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က MNDAA အဖွဲ့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့က တိုက်ပွဲနေရာအများအပြား ဖြစ်ပွားသည့်အပြင် ပန်ဆေးဒေသရှိ MNDAA ကင်းစခန်းကို တစ်နေကုန်လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် အောက်တိုဘာလ (၉) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် မုံးကိုးမှ ပန်ဆေးဘက်သို့ စစ်ကြောင်းချီလာ၍ MNDAA တပ်မဟာ (၅) လက်အောက်ခံအဖွဲ့ခွဲငယ်နှင့် (၁၅) မိနစ်ဝန်းကျင် တိုက်ပွဲဖြစ်ပွားကာ မုံးကိုးဒေသဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်းနေ့မှာပင် နံနက် (၈) နာရီခွဲကျော်၌ အာဏာသိမ်းစစ်တပ်နှင့် MNDAA တပ်မဟာ (၂၁၁) တို့ လားရှိုးနှင့် သိန်းနီကြား (၁၄) မိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းတပ်ဘက်မှ ကားတစ်စီးပျက်စီးသွားကြောင်း သိရပြီး ပန်ဆေးဒေသ လက်ဝါးကပ်တိုင်တောင်ရှိ MNDAA ကင်းစခန်းကို တစ်နေ့လုံး လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ကြောင်း သိရသည်။

COVID 19 တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နေစဉ်အတောအတွင်း အပစ်အခတ်ရပ်စဲကြရန် အောက်တိုဘာလ (၇)ရက်နေ့တွင် MNDAAတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည့်နေ့မှာပင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ဆင်မှုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နေ့လယ် (၂) နာရီကျော်တွင် အာဏာသိမ်းစစ်တပ် (၅၁၇) တပ်ရင်း လက်အောက်ခံအဖွဲ့ခွဲမှ အင်အား (၄၀) ဝန်းကျင်နှင့် MNDAA တပ်မဟာ (၅၁၁) လက်အောက်ခံအဖွဲ့ခွဲတို့ မုန်းဟန်နှင့် ရှင်းကိုင်ကြားတွင် မိနစ် (၂၀) ခန့် တိုက်ပွဲဖြစ်ပြီး ညနေ (၆)နာရီဝန်းကျင်တွင် ပန်ဆိုင်းနှင့် မုံးကိုးကြားရှိ နမ့်ဟူးသံစက်ရုံတွင် (၁)နာရီကြာ တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။