လွိုင်ကော်မြို့တွင် ဟာသသရုပ်ဆောင်တစ်ဦးအပါအဝင် လူငယ် (၅)ဦးကို အာဏာသိမ်းစစ်ကောင်စီက ညပိုင်းက ဖမ်းသွား

လွိုင်ကော်မြို့တွင် ဟာသသရုပ်ဆောင်တစ်ဦးအပါအဝင် လူငယ် (၅)ဦးကို အာဏာသိမ်းစစ်ကောင်စီက ညပိုင်းက ဖမ်းသွား
မေ 20, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ချိကယ်(ထေးသမ) ရပ်ကွက်တွင်း ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့ ညပိုင်းက လှည့်လည်နေသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က ဟာသသရုပ်ဆောင်လူငယ်အပါအဝင် လူငယ် (၅) ဦးကို ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။

ချိကယ်(ထေးသမ) ရပ်ကွက်အတွင်းမှ ဖမ်းဆီးခံရသူများမှာ လတ်တလော အတည်ပြုချက်အရ ဟာသသရုပ်ဆောင် ဆလိုင်း၊ အပါအဝင် ဘိုဘိုအောင် ၊ ဆော်ရယ်၊ ဘူးရယ်နှင့် ကြည်ဇော်လှိုင်တို့ဖြစ်ကြောင်း  ဒေသခံများမှ အတည်ပြုထားသည်။

 အိမ်ဘယ်မှာရှိတယ်ဆိုတာကအစ သတင်းအတိကျ ရထားတဲ့ပုံပဲ 

ဟု ချိကယ်(ထေးသမ)ရပ်ကွက်မှ လူငယ်တစ်ဦးက ပြောသည်။ 

လတ်တလော ထေးသမရပ်ကွက်ဒေသခံများ၏ အတည်ပြုချက်အရ အဆိုပါလူငယ် (၅) ဦးကို အော်ဟစ်ဆဲဆိုကာ ဖမ်းဆီးသွားပြီး  ဖမ်းဆီးခံရစဥ် လူငယ်များက  ရပ်ကွက်လူထုကို အော်ဟစ် အကူညီတောင်းခံခဲ့ကြောင်း သိရသည်။

 အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့များက လက်ရှိအချိန်ထိ လွိုင်ကော်မြို့တွင်း စစ်ကား၊ အိမ်စီးကားများဖြင့် လှည့်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။