လွိုင်ကော်မြို့ ဘီလူးချောင်းအတွင်း ဥပဒေမဲ့ငါးဖမ်းဆီးမှု့များအား ထိရောက်စွာအရေးယူဆောင်ရွက် ပေးရန် ပြည်နယ်လွှတ်တော်တွင် တင်ပြ

လွိုင်ကော်မြို့ ဘီလူးချောင်းအတွင်း ဥပဒေမဲ့ငါးဖမ်းဆီးမှု့များအား ထိရောက်စွာအရေးယူဆောင်ရွက် ပေးရန် ပြည်နယ်လွှတ်တော်တွင် တင်ပြ
ဧပြီ 3, 2019
By Tachileik News Agency
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အတွင်းရှိ ဘီလူးချောင်းအတွင်း ဥပဒေမဲ့ လုပ်ဆောင်နေသည့် ငါးဖမ်းဆီးနေမှုများအား ပြည်နယ်အစိုးရမှ ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်အတွက် ဧပြီလ(၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်စားလှယ် ဦးတင်မြင့်က မေးခွန်းမေးမြန်းလိုက်သည်။

လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအတွင်း ဆိုးကျိုးဖြစ်ပေါ်စေသည့်  ဥပဒေမဲ့ ငါးမျှားခြင်း ၊ ဘက်ထရီရှော့တိုက် ၍ ဖမ်းဆီးခြင်း ပြုလုပ်သူများ ပိုမိုများပြားလျှက်ရှိပြီး ရေအောက်နေသတ္တဝါများနှင့် မြို့နေလူထုများ
အန္တရယ် ကင်းစေရန် ပြည်နယ်အစိုးရအနေဖြင့် ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးရန် လိုအပ်လျှက်ရှိပြီး မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်တွင် ငါးမျိုးတုံးမှု မဖြစ်ပေါ်စေရန် တားမြစ်ငါးဖမ်းကာလသတ်မှတ်ခြင်း ၊ ငါးမျိုးပြုန်းတီးစေသော ငါးဖမ်းနည်း စနစ်များဖြစ်သည့် ဘတ်ထရီရှော့တိုက် ဖမ်းခြင်း၊ ပေါက်ကွဲစေတ်သော ပစ္စည်းများ
အသုံးပြု၍ ငါးဖမ်းခြင်း ၊အဆိပ်ချငါးဖမ်းခြင်းများ မပြုလုပ်ကြရန် ပညာပေး ဆိုင်းဘုတ်များ စိုက်ထူ၍  ဟောပြောပွဲများ ပြုလုပ်ပေးလျှက်ရှိပြီး ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းများပြုလုပ်သည်ကို တွေ့ရှိပါက သက်သေခံ ပစ္စည်းများအား သိမ်းဆည်း ဖျက်ဆီးခြင်း ဒဏ်ရိုက်ခြင်းများကို ပြုလုပ်ကာ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရေချိုငါးဖမ်း ဥပဒေပုဒ်မများဖြင့်အရေးယူ ဆောင်ရွက် သွားရန် လုပ်ဆောင်ထားကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဦးဘော့စကို က ပြန်လည်ဖြေကြားခဲ့သည်။

“ဘတ်ထရီရှော့တိုက် ငါးဖမ်းခြင်းများ ရပ်တန့်စေနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန သတ်ဆိုင်ရာကျေးရွာ မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖွဲ့စည်းပေးရန်လိုအပ် နေသေးပြီး ၎င်းအဖွဲ့မှ ဘထ္ထရီရှော့တိုက်၍ ငါးဖမ်းဆီးပါက ပြင်းထန်စွာ အရေးယူဆောင်ရွက် ပေးသွားမှာဖြစ်ပြီး ပညာပေးဟောပြောခြင်းများကိုလည်း ပိုမိုအလေးထား ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်” ဟု စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

လက်ရှိ အစိုးရအနေဖြင့် သုံးနှစ်တာကာလအတွင်း ငါးလုပ်ငန်းနှင့်ပတ်သက်၍ ပြည်နယ်ဘတ်ဂျက် ရရှိအောင် လုပ်ဆောင်ခဲ့သည့် အပေါ် ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးတင်မြင့်က မေးခွန်းထုတ်ခဲ့ပြီး ဘီးလူးချောင်း အတွင်း ငါး လုပ်ငန်းများ နှင့်ပတ်သတ်၍ စီမံခန့်ခွဲမှု့ ၊ ထိန်းသိမ်းမှုများမှာ အလွန်အားနည်းနေပြီး သက်ဆိုင်ရာဌာနအနေဖြင့်  လက်တွေ့ ကွင်းဆင်းလုပ်ဆောင်မှုများ မရှိကြောင်း လွှတ်တော်တွင်ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် ဦးတင်မြင့်က ထပ်ဆင့်မေးခွန်း မေးမြန်းပြောဆို ခဲ့သည်။

“ ဝန်ကြီးအနေနဲ့ သုံးနှစ်တာကာလအတွင်း ငါးလုပ်ငန်းဦးစီးကို ပြည်နယ်ဘတ်ဂျတ် ရအောင်ဘယ်လို ဆောင်ရွက်ပေးခဲ့သလဲ ငါးလုပ်ငန်းဦးစီးအနေနဲ့ နှစ်စဉ် ငါးမျိုးစိတ်စိုက်ထည့်တာ မိအောင်မဖမ်းနိုင်ဘူးဆိုတာ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုဖြစ်မနေဘူးလား အဲ့ဒီလူတွေဟာ ဘီလူးချောင်းဘယ်နားရှိလဲ ဆိုတာကို သိမယ့်ပုံ မပေါ်ဘူး ဖမ်းဖို့နေနေသာသာ ။ ရှမ်းပြည်နယ်မှာ မလုပ်ရဲတဲ့သူတွေ ငါးခိုးဖမ်းဆဲ့သူတွေ ကယားပြည်နယ် ဘီလူးချောင်းမှာ ညလူခြေတိတ်ချိန် ရှော့တိုက်ဖမ်းဆီးနေတာ ဝန်ကြီးနဲ့ ငါးလုပ်ငန်းဦးစီးက မဖမ်းနိုင်ဘူးဆိုရင်  ဘာလုပ်သင့်သလဲ ဖြေကြားပေးပါ ”ဟု ၎င်းကပြောဆိုခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာန ၏ ပြည်နယ်ဘဂျတ်များကို ငါးလုပ်ငန်းလိုင်စင်များမှ ရရှိပြီး ဥပဒေမဲ့ ငါးဖမ်းဆီးသူများအား သတင်းပေးမှု့အပေါ်မူတည်၍ လိုက်လံ ဖမ်းဆီးခြင်းများ လုပ်ဆောင်ကာ ဖမ်းဆီးအရေးယူခြင်း လုပ်ငန်းများမှာ ရေရှည်လုပ်ဆောင်ရသည့် လုပ်ငန်းများ ဖြစ်သောကြောင့် ရေရှည် ဆက်လက် စီမံ
သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကို ပြန်လည် ဖြေကြားခဲ့သည်။

“ကျွန်တော် နည်းနည်းအကြံပြုချင်တာက ဒီသတင်းတော့ တော်တော်ကြားပါတယ်။ ဒီလိုမျိုး လွှတ်တော်မှာ တစ်ယောက်က မေးလိုက်တယ် တစ်ယောက်က ဖြေသွားပြီးမှ ဒီလိုမျိုးပြီးတဲ့ သဘောမျိုးမဟုတ်ဘဲနဲ့ တကယ့်တကယ် ပြည်နယ်သူ ပြည်နယ်သားတွေ စားဝတ်နေရေး ဖူလုံဖို့ အတွက် စီမံချက် ချဖို့လိုမယ်လို့
ထင်တယ်။ တကယ်လည်း ဆိုးဆိုးဝါးဝါး ဖြစ်နေတယ် ကျွန်တော့်ဆီမှာလည်း ဓါတ်ပုံတွေ အများကြီးရှိပါတယ်။ ဒါသူတို့ကို အပြစ်ရှာတမဟုတ်ဘူး သူတို့မိသားစု တစ်စုကြောင့် ကျွန်တော်တို့အညားလုံးဒုက္ခရောက် သွားနိုင်တဲ့ အနေထားရှိတယ် ဂေဟစနစ်တွေ ပျက်သွားနိုင်တဲ့ အနေထားရှိတယ်။ ဒါကြောင့် ဝန်ကြီးအနေနဲ့သေချာကြပ်ကြပ်မတ်မက် လုပ်ဖိုကလိုတယ်လို့ အကြံပြုပါတယ်” ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက အကြံပြု ပြောကြားခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသော ရေချိုငါးဖမ်း ဥပေဒေပုဓ်မ ၃၉ အရ လျှပ်စစ်ဓါတ်ဖြင့် ငါးဖမ်းခြင်း၊ ဘတ်ထရီရှော့တိုက်ကျင်စက်ဖြင့် ငါးဖမ်းဆီးခြင်း ပြုလုပ်လျှင် ထောင်ဒဏ်(၂)နှစ်ဖြစ်စေ ဒဏ်ငွေ (၃၀၀၀၀၀)
ဖြစ်စေ  ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်၍ ဥပဒေမဲ့ ငါးဖမ်းသူများအား အရေးယူနိုင်မှာ ဖြစ်ပြီးကယားပြည်နယ်တွင် ဘတ်ထရီရှော့တိုက်၍ ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းအား ၂၀၁၈ ခုနှစ်တွင် နှစ်ကြိမ်သာ ပစ္စည်းကိရိယာများ
သိမ်းဆည်းဖျက်ဆီးနိုင်ခဲ့ပြီး ဖမ်းဆီးသူများကို ဖမ်းဆီရမိခဲ့ခြင်း မရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net