ကယားပြည်နယ်တွင်း အဝင်အထွက်ဂိတ်များတွင် စစ်ဆေးမှုမခံယူဘဲ မြို့တွင်း ဝင်ရောက်လာပါက ပြစ်ဒဏ်ပိုကြီးသည့် ဥပဒေဖြင့် အရေးယူမည်

ကယားပြည်နယ်တွင်း အဝင်အထွက်ဂိတ်များတွင် စစ်ဆေးမှုမခံယူဘဲ မြို့တွင်း ဝင်ရောက်လာပါက ပြစ်ဒဏ်ပိုကြီးသည့် ဥပဒေဖြင့် အရေးယူမည်
အောက်တိုဘာ 18, 2020
By Tachileik News Agency

ကယားပြည်နယ်တွင်း အဝင်အထွက်ဂိတ်များတွင် စစ်ဆေးမှုမခံယူဘဲ မြို့တွင်း ဝင်ရောက်လာပါက ပြစ်ဒဏ်ပိုကြီးသည့် ဥပဒေဖြင့် အရေးယူမည်

ကယားပြည်နယ်အတွင်း ဝင်ရောက်ရာတွင် အဝင်အထွက်ဂိတ်များ၌ စစ်ဆေးမှု မခံယူဘဲ ဝင်ရောက်လာသူများနှင့် ယာဉ်များအား စစ်ဆေးတွေ့ရှိပါက ယခင်က အရေးယူနေသည့် ကူးစက်ဥပဒေဖထက် ပြစ်ဒဏ်ပိုကြီးသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားတော့မည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတိပေးထားသည်။
"ကိုယ့်ပြည်နယ်သားတွေဆိုလည်း သိကြပါတယ်။ တခြားကနေပြန်လာရင် quarantine ဝင်ရမယ်ဆိုတာ မသိဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။ line( Online) ပေါ်မှာလည်း ပလူပျံနေအောင် ပြောထားကြတာပဲ။ ဒါကြောင့် ဘယ်ကပဲလာလာ အစစ်ဆေးမခံဘဲ ဒီတိုင်းဝင်လာတဲ့သူရှိရင် ကျွန်တော်ကတော့ ချက်ချင်းတင်ပြပြီး အရေးယူဖို့လုပ်မှာပါ။ အရင်ကတော့ ဆရာဝန်ကြီးတွေကို ကူးစက်နဲ့စွဲပါလို့ ညွန်ကြားထားတယ်။ ခုက ကူးစက်က ပြစ်ဒဏ်ပေါ့တော့ ကူးစက်နဲ့ မစွဲတော့ဘဲ ဒီသဘာဝဘေးအန္တရာယ်ဥပဒေကတော့ ထောင်ဒဏ်ရော၊ ငွေဒဏ်ရောချနိုင်တယ်ဆိုတော့ ပိုပြင်းထန်တာပေါ့။ ကူးစက်နဲ့စွဲရင် မြို့နယ်ဆရာဝန်ကြီးတွေ အလုပ်ရှုပ်တယ်။ ဒါနဲ့ကျတော့ သက်ဆိုင်တဲ့အုပ်ချုပ်ရေးပိုင်း တရားစွဲခွင့်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အရေးယူသွားလို့ရတာပေါ့။ " ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့၌ ပြောသည်။
ကယားပြည်နယ်တွင်းသို့ အခြားဒေသများမှ ပြန်လည်ဝင်ရောက်ရာတွင် ကျန်းမာရေးစစ်ဆေးနေသည့် မြို့ဝင်ဂိတ်များမှ မဝင်ရောက်ဘဲ အခြားလမ်းများမှ ကျေးရွာများသို့ ဝင်ရောက်လာသူများရှိပါက ထိန်ချန်ခြင်းမပြုဘဲ အချိန်မီသတင်းပေးကြရန် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များအား ညွှန်ကြားထားကြောင်း သိရသည်။
" ဖြစ်သင့်တာကတော့ဗျာ တစ်ခြားနေရာ ရန်ကုန်တို့က ပြန်လာရင် ဂိတ်မှာစာရင်းပေး။ သူ့ပစ္စည်းတွေကအစ အကုန်တင်ပြီးတော့ ရွှေလွိုင်ကော်က ခေါ်သွားတာ။ ပြီးရင် quarantine စင်တာတွေမှာလည်း အခန်းနဲ့ ကုတင်နဲ့ ရေကအစ အကုန်အပြည့်စုံနဲ့ထားတာ လွိုင်ကော်မှာတော့။ တစ်ချို့ရှိတယ်ဗျာ ဒီနယ်ဒီဒေသကလူတွေပဲဆိုတော့ ဘယ်နေရာမှာ ဘယ်လိုဝင်လာလို့ရတယ်ဆိုတာသိနေတာကိုး။ ဒီးမော့ဆိုဖက်က ပတ်ဝင်လာမှာလည်း မဖြစ်စေချင်ဘူး။ ဒါကြောင့် ကျွန်တော်ရွာတွေရောက်တိုင်း စနစ်တကျလေး ဝင်ဖို့ ပြောထားပါတယ်။ ကျွန်တော်ဖြစ်စေချင်တာတော့ ကိုယ့်ပြည်နယ်ကိုချစ်ရင် ကိုယ့်ပြည်နယ်သားမှန်ရင် အခုလိုစနစ်တကျလေး ဝင်ပေးရင်ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့လည်းအရေးယူစရာမလိုတော့ဘူးပေါ့။ " ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောသည်။
ကယားပြည်နယ်သို့ ဝင်ရောက်နိုင်သည့် နယ်စပ်ဂိတ်များနှင့် လမ်းမကြီးများတွင်လည်း စစ်ဆေးမှုများမခံယူဘဲ ဝင်ရောက်ပါက ထိရောက်စွာအရေးယူမည့် သတိပေးဆိုင်းဘုတ်များ စိုက်ထူ၍ အသိပေးထားပြီး စစ်ဆေးရေးဂိတ်များတွင်လည်း စနစ်တကျ ကြပ်မတ်ထားကြောင်း သိရသည်။
ကယားပြည်နယ်တွင် Covid -19 ဒုတိယလှိုင်းဖြစ်ပွားမှုစတင်သည့် သြဂုတ်လလယ်လောက်မှစ၍ ရောဂါ ထိန်းချုပ်၊ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ် (၇) မြို့နယ်ရှိ အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများကို ကြပ်မတ်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးများအား ညွှန်ကြားထားပြီး ပြည်နယ်အတွင်းသို့  ပြည်ပနိုင်ငံများမှ ပြန်လာသူများအပါအဝင် ပြည်တွင်းမည်သည့်ဒေသမှမဆို ဝင်ရောက်လာသူများအားလုံးမှာ Community Based Facility Quarantine (၁၄) ရက် နှင့် Home Quarantine(၇) ရက်နေထိုင်သွားရရန် စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ ကယားပြည်နယ်အစိုးရမှ ညွှန်ချက်ထုတ်ထားခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~