ဟိုပုံးမြို့မှ CDM ဝန်ထမ်းများထဲက အရေးပေါ်လိုအပ်သူ (၁၀)ဦးကို ဟိုပုံးလူငယ်များက စေတနာရှင်များ၏ အကူအညီဖြင့် ထောက်ပံ့

ဟိုပုံးမြို့မှ CDM ဝန်ထမ်းများထဲက အရေးပေါ်လိုအပ်သူ (၁၀)ဦးကို ဟိုပုံးလူငယ်များက စေတနာရှင်များ၏ အကူအညီဖြင့် ထောက်ပံ့
ဇူလိုင် 2, 2021 | ရှမ်းတောင်

ဟိုပုံးမြို့မှ CDM ဝန်ထမ်းများထဲက အရေးပေါ်လိုအပ်သူ (၁၀)ဦးကို ဟိုပုံးလူငယ်များက စေတနာရှင်များ၏ အကူအညီဖြင့် ထောက်ပံ့

*************

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်း  CDM လုပ်ဆောင်ထားသူများထဲက အရေးပေါ်လိုအပ်နေသူ CDM ဝန်ထမ်း (၁၀)ဦးကို လူငယ်များက စေတနာရှင်များဖြင့် စုပေါင်းပြီး ပြည်သူမှ ပြည်သူသို့ အစီအစဉ်အဖြစ် ယနေ့ ဇူလိုင်လ(၂)ရက်နေ့တွင် ထောက်ပံ့ပေးထားကြောင်း သိရသည်။

တကယ်တော့ စုစုပေါင်း (၅၆၀,၀၀၀)ပါ။ (၆၀,၀၀၀)ကတော့ အရင်အပတ်က ကျန်းမာရေးအရ အရေးပေါ်လိုနေတဲ့ ဆရာမတစ်ဦးကို အရင်ပေးထားလိုက်တယ်။ ဒီနေ့တော့ ပညာရေးဌာနက (၅)ဦး နဲ့ အခြားဌာနက (၅)ဦး တစ်ဦးကို ကျပ်(၅,၀၀၀၀)နှုန်းနဲ့ စုစုပေါင်း(၁၀)ဦးကို ကျပ်(၅)သိန်းပေးထောက်ပံ့ပါတယ်။ အခုကောက်ခံရရှိတဲ့ အလှူငွေကလည်း အဝေးရောက် ဟိုပုံးမြို့သူမြို့သားတွေက ထည့်ဝင်တဲ့ ငွေက များတယ်။ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တွေ သူဌေးတွေကတော့ မသိသလိုပဲ နေ နေကြတာ။ မထည့်ကြဘူး။

ဟု လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂)ရက်နေ့တွင် ပြောသည်။

ဟိုပုံးမြို့နယ်မှ CDM များအတွက် လူငယ်များက နီးစပ်ရာများကို အလှူခံပေးပြီး ပြန်လည် ခွဲဝေလှူဒါန်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့က အခက်အခဲဖြစ်နေတဲ့လူတွေကို အကုန်ပေးချင်ပေမဲ့လည်း အရမ်းကြီးလိုအပ်တဲ့ အရေးပေါ် ဦးစားပေးလူတွေကိုပဲ လက်ရှိ အနေအထားအရ ပေးနိုင်တာ။ ကျွန်တော်တို့မှာ တစ်စိုက်မတ်မတ် ထောက်ပံ့ပေးတဲ့ CDM Supporting လည်း မရှိဘူး။ ကျွန်တော်တို့ လူငယ်တွေကပဲ တတ်နိုင်သလောက် နီးစပ်ရာ ရင်းနှီးသူတွေကို အကူအညီတောင်းခံပြီးတော့မှ ပြန်ကူညီပေးတာ။ ရလာတာကိုလည်း တကယ်လိုအပ်သူတွေကို အကုန် ကူညီပေးလိုက်တယ်။ လက်ထဲမှာ မထားဘူးဗျ

ဟု လူငယ်တစ်ဦးက ပြောသည်။

ဟိုပုံးမြို့မှ လူငယ်များသည်  ၎င်းတို့၏ မြို့နယ်တွင်းက CDM ဝန်ထမ်းများကို မြို့ခံစီးပွားရေးလုပ်ငန်းရှင်များထံ အကူအညီတောင်းခံသော်လည်းမရ၍ နီးစပ်ရာများ နှင့် အဝေးရောက် ဟိုပုံးမြို့သူမြို့သားများ၏ အကူအညီဖြင့် ယခုလို တတ်နိုင်သည့် ဘက်က ကူညီပေးနေခြင်း ဖြစ်ကြောင်း သိရသည်။