တာလေမြို့တွင် Covid-19 ကူးစက်ခံရသူ (၂၀)ဦး ထပ်တိုး

တာလေမြို့တွင် Covid-19 ကူးစက်ခံရသူ (၂၀)ဦး ထပ်တိုး
အောက်တိုဘာ 1, 2021 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် ယနေ့ အောက်တိုဘာလ(၁)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၀)ဦး ထပ်တိုးသည့်အတွက် ကူးစက်ခံရသူ စုစုပေါင်း (၁၇၀)ဦး အထိရှိကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ(၁)ရက်နေ့ ညနေပိုင်းအထိ စစ်ဆေးချက်အရ တာလေမြို့ ရပ်ကွက်(၂)မှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၈)ဦး၊ ရပ်ကွက်(၃)မှ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၅)ဦး စုစုပေါင်း (၂၀)ဦးတွင် Covid-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

တာလေမြို့အတွက် Covid-19 စစ်ဆေးနိုင်ရန် RTD Test Kit အခု (၅၀၀)ရရှိထားသည်အနက် ယနေ့ အောက်တိုဘာလ(၁)ရက်နေ့တွင် (၂၈၂)ဦးကို အခမဲ့ စစ်ဆေးပေးရာက (၂၀)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

"အခုလို အခမဲ့သာစစ်လို့ရရင် မြန်မြန်ထိမ်းချုပ်နိုင်မည်လို့ယုံကြည်တယ်။ စားဝတ်နေရေး အဆင်မပြေတဲ့သူတွေအတွက် ကျပ်တစ်သောင်းတောင် မရှိတဲ့သူတွေအများကြီးပဲ စစ်ချင်ပေမဲ့ မစစ်နိုင်တဲ့သူတွေအများကြီးပဲ"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ တာလေမြို့၏ အခြေအနေကို ပြောပြသည်။

အောက်တိုဘာလ(၂)ရက်နေ့တွင်လည်း ကျန်ရှိသည့် Test Kit များဖြင့် ရပ်ကွက်(၄)တွင် ဈေးရောင်း ဈေးဝယ်ပြုလုပ်နေသူများကို ဆက်လက်စစ်ဆေးပေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁၇၀)ဦးရှိပြီး Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံကြောင့် သေဆုံးသူမှာလည်း (၃)ဦးအထိ ရှိကြောင်း သိရသည်။