ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ နောက်ထပ် (၁၁)ဦး ထပ်တွေ့၍ တကျော့ပြန် ကူးစက်မှု၏ (၁)လမပြည့်မီအတွင်း (၄၈)ဦး ဝန်းကျင်အထိ ရှိလာ

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ နောက်ထပ် (၁၁)ဦး ထပ်တွေ့၍ တကျော့ပြန် ကူးစက်မှု၏ (၁)လမပြည့်မီအတွင်း (၄၈)ဦး ဝန်းကျင်အထိ ရှိလာ
စက်တင်ဘာ 9, 2022 | Covid-19

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စုရှိ သူနာပြုသင်တန်းကျောင်းမှ (၁၀)ဦး အပါအဝင် စုစုပေါင်း(၁၁)ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

၂၀၂၂ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့က အတည်ပြုလူနာနှင့် ထိတွေ့ သံသယ စုစုပေါင်း (၂၂၃)ဦးကို စစ်ဆေးရာမှ သူနာပြုသင်တန်းကျောင်းမှ အမျိုးသမီး (၇)ဦး နှင့် အမျိုးသား(၃)ဦး အပြင် ဟွေခါးကျေးရွာမှ အမျိုးသမီး(၁)ဦး စုစုပေါင်း (၁၁)ဦးတွင် Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း   သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်နေ့ကလည်း မိုင်းဇင်းကျေးရွာအုပ်စုရှိ သူနာပြုသင်တန်းကျောင်းတွင် အစုလိုက် အပြုံလိုက်အဖြစ် လူပေါင်း (၂၀)ဦးတွင် Covid-19 တွေ့ရှိခဲ့သေးသည်။

ကျိုင်းတုံမြို့၏ တကျော့ပြန် Covid-19 တွေ့ရှိမှုအဖြစ် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့က ပြန်လည် စတင်ခဲ့ပြီး စက်တင်ဘာလ(၈)ရက်နေ့အထိ  တစ်လ မပြည့်မီအတွင်း လူပေါင်း (၄၈)ဦး ဝန်းကျင်တွင် Covid-19 တွေ့ရှိရခြင်း ဖြစ်သည်။

တစ်လမပြည့်မီအတွင်း တွေ့ရှိရသည့် လူပေါင်း (၄၈)ဦးအနက် အမျိုးသားတစ်ဦးမှာ ဩဂုတ်လ(၂၁)ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

ကျိုင်းတုံမြို့တွင် ဩဂုတ်လအတွင်းက စ၍ Covid-19 ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနေသော်လည်း လူစုလူဝေးများဖြစ်စေသည့် အခမ်းအနားများ၊ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပကြသည်ကို တွေ့ရသည်။

Covid-19 ကူးစက်မှုကို ကာကွယ်ရန်အတွက် လူစုလူဝေးများ ရှောင်ရှားခြင်း နှင့် နှာခေါင်းစည်း(Mask)များကို စနစ်တကျ တပ်ဆင်ထားရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားရှိသည်။