တာချီလိတ် ယာဉ်ထိန်းရဲအချို့ကို ခရိုင်ရဲရုံးက လက်နက်ပေးကိုင်ပြီး မီးပွိုင့်စောင့်ခိုင်း

တာချီလိတ် ယာဉ်ထိန်းရဲအချို့ကို ခရိုင်ရဲရုံးက လက်နက်ပေးကိုင်ပြီး မီးပွိုင့်စောင့်ခိုင်း
စက်တင်ဘာ 30, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ယာဉ်ထိန်းရဲ(မော်တော်ပီကယ်)အချို့ကို လက်နက်များ ထုတ်ပေးထားကြောင်း သိရသည်။

ယာဉ်ထိန်းရဲတွေ မီးပွိုင့်မှာ သေနတ်တွေနဲ့ စောင့်နေရပြီ။ မနက်က ဖြတ်သွားချိန် သေနတ်ကိုင်ပြီး စောင့်နေတာတွေ့ခဲ့တယ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် PDF များ ရောက်ရှိနေပြီဟု သတင်းရသည်ဟုဆိုတာက အာဏာသိမ်းစစ်တပ်က အင်အားဖြင့် အနောက်မြို့ပတ်လမ်းတွင် ရှာဖွေမှုများ ပြုလုပ်ခဲ့သလို ရဲတပ်ဖွဲ့များကလည်း ၎င်းတို့၏ ရုံးလုံခြုံရေးအတွက်ကို ဦးစားပေးလုပ်ဆောင်လာနေသည်။

ယာဉ်ထိန်းရဲရုံးကတော့ ဘာကိုကြောက်နေလဲမသိဘူး ကာထားတာမှ ဝက်ခြံထက်ပိုဆိုးတယ်။ အရေးပေါ်တခုခုဆိုရင် သူတို့ကိုယ်တိုင်တောင် ပြေးဖို့ ထွက်ပေါက် လွယ်ရဲ့လားမသိဘူး။ ကာထားတာမှ အတော်လေးကို ကာထားတာ။ ခရိုင်ရဲရုံးရော၊ ရဲစခန်းရောအတူတူဘဲ၊ ပြည်သူတွေက မကြောက်ရဘူး။ လက်နက်ကိုင်ထားတဲ့ သူတို့တွေက အကြောက်ပိုနေတာ။

ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့သည် လက်နက်ကိုင်ဆောင်သည့် တပ်ဖွဲ့များမဟုတ်သော်လည်း ယခုအခါမှာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက လက်နက်များ ထုတ်ပေးထားသည့်အတွက် အသင့်အနေအထားဖြင့် စောင့်ကြပ်မှုပါ လုပ်ဆောင်သည်ဟု သိရသည်။

တာချီလိတ်မှာက ရဲအင်အားနည်းတယ် နယ်ရဲအနေနဲ့ တာချီလိတ်ခရိုင်တစ်ခုလုံးမှာ (၃၀၀)ကျော်လောက်ပဲရှိတာဆိုတော့ ယာဉ်ထိန်းရဲတွေလည်း လိုအပ်ရင် ချသုံးမယ်ထင်တယ်။  တာချီလိတ်မှာ ဒီလိုမျိုး ထုံးစံလည်းမရှိခဲ့ဘူး။ တပ်ပျက်နေတဲ့အတိုင်းပဲ

ဟု တာချီလိတ်မြို့မှ ရဲအငြိမ်းစားတစ်ဦးက Tachileik News Agency သို့ ပြောသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့သည် အရပ်သား လက်နက်ကိုင်ဆောင်မှုများမှာ ယခင်ကတည်းက ရှိနေပြီး အချင်းချင်း မြေယာကိစ္စ နှင့် ငွေကြေးကိစ္စများကြောင့်သာ ပစ်ခတ်မှုများရှိခဲ့သော်လည်း နိုင်ငံ့အာဏာသိမ်းခံရအပြီးတွင် ပစ်ခတ်မှုအဖြစ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် တစ်ခါသာ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူများ၏ လုံခြုံရေးထက် ရဲတပ်ဖွဲ့များ၏ ရုံးများ လုံခြုံရေးကိုသာ အဓိက ဦးစားပေး လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။