လွိုင်ကော်မြို့နယ်အတွင်း ပြင်းထန်သည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကားတစ်စီး မီးရှို့ခံရပြီး (၃၀)ဝန်းကျင် သေဆုံး

လွိုင်ကော်မြို့နယ်အတွင်း ပြင်းထန်သည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကားတစ်စီး မီးရှို့ခံရပြီး (၃၀)ဝန်းကျင် သေဆုံး
စက်တင်ဘာ 29, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း  လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့ မွန်းတည့် (၁၂း၀၀) နာရီမှ ညနေ (၅) နာရီအထိ အာဏာသိမ်းစစ်တပ်နှင့် KNDF ၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး အာဏာသိမ်းတပ်၏ လက်နက်တင်ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရကာ (၃၀) ဝန်းကျင် သေဆုံးသွားကြောင်း သိရသည်။

တစ်နေကုန်နီးပါး ပြင်းထန်သည့် တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က အမြောက်များဖြင့် အဆက်မပြတ် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေကာ လက်နက်အပြည့်တင်လာသည့် ၎င်းတပ်၏မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်မှ (၃၀) ဦးသေဆုံးခဲ့ပြီး  (၃၀) ခန့်ဒဏ်ရာရကာ  ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် (၄) ဦးနှင့် KNDF ရဲဘော်တစ်ဉီး (၁) ဦးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဖယ်ခုံမြို့ စစ်ကောင်စီ (၄၂၂)တပ်ရင်းအနီးရှိ အာဏာသိမ်း စစ်ကောင်စီတပ်များ၏ ခေါင်းမိုင်းတောင်နှင့် မိုးဗြဲသဲတောင်စခန်းတို့ကို KNDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သဖြင့် အာဏာသိမ်းစစ်ကောင်စီတပ် တပ်ဆုတ်ထွက်ပြေးခဲ့ရသည်ဟု KNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များသည် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းသို့ ထိုးစစ်ဆင်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ လူနေအိမ်များ ထိခိုက်မှုရှိနေကြောင်းလည်း သိရသည်။